
ထိုင်း- မြန်မာနယ်စပ်က သဘာဝကမ်းကူးဂိတ်တွေကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာ ၆ ရက် မနက် ၆ နာရီက ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ နယ်စပ်အရေးစောင့်ကြည့်သူတွေဆီက သိရ ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံကျေးရွာအနီးမှာဖြစ်ပွားနေတဲ့ နယ်စပ် တိုက်ပွဲတွေကြောင့် အောက်တိုဘာ ၃၀ ရက်ကစပြီး နိုဝင်ဘာ ၅ ရက်အထိ ခဏပိတ်ခဲ့တဲ့ မော်လီချိုင်း၊ ဝေါလေ၊ ဆုံဆည်းမြိုင်၊ သေ့ဘောဘိုး စတဲ့ သဘာဝကမ်းကူးဂိတ်တွေကို ပြန်ဖွင့်လှစ် ပေးခဲ့တာလို့ ဆိုပါတယ်။
နယ်စပ်အရေးစောင့်ကြည့်တယောက်က “ ဒီနေ့ မနက် ၆ နာရီကစပြီး ပြန်ဖွင့်လိုက်တာ။ သူတို့ ကြေညာခဲ့တာ ၇ ရက်ဆိုတော့ ဖွင့်လိုက်တာ။ အဓိက ကတော့ ကုန်စည်စီးဆင်းတဲ့နေရာတွေက သူတို့ အချင်းချင်း ညှိပုံရတယ်။ တံတားကြီးတွေက ကုန်စည်စီးဆင်းမှုတွေက ရှိနေတော့ သူတို့ ပြောတဲ့အတိုင်း ဖွင့်ချလိုက်တဲ့ သဘော”လို့ ပြောပါတယ်။
ထိုင်း- မြန်မာနယ်စပ်မှာ စစ်အာဏာရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းလိုလို တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင် စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနယ်မြေထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုင်းပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။
အောင်ခန့်











