DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရိတ်ခါနီးစပါးများ ရေမြုပ်နေပြီး သီးနှံပြန်စိုက်ရန် အခက်တွေ့
DVB
·
September 26, 2026
Photo: TW
Photo: TW
Donate to DVB

ဧရာဝတီတိုင်းမှာ ရက်ရှည်ရေကြီးခဲ့တဲ့အတွက် မိုးစပါးနဲ့ ပီလောပီနံ စိုက်ဧက သောင်းနဲ့ချီ ပျက်စီးခဲ့ ပြီး အခုလည်း ရက်ဆက်ရွာတဲ့မိုးကြောင့် ရိတ်ခါနီး မိုးစပါးခင်းတွေ ရေမြုပ်နေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၁ ရက်ကနေ ၂၄ ရက်အထိ ရက်ဆက်ရွာသွန်းတဲ့မိုးဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ရိတ်သိမ်းခါနီးမိုးစပါးခင်းတွေ ရေဝင်နစ်မြုပ်နေတာပါ။

ညောင်တုန်းမြို့နယ်က တောင်သူတယောက်က “ရိတ်ခါနီးစပါးတွေ ရေမြုပ်တာ များတယ်။ ဘာမှ လုပ်မရဘူး။ မိုးက ရက်ဆက် ၃ ရက် နီးပါးလောက်ကိုရွာသွားတော့ မြုပ်ကုန်တာ။ ဒီနေ့ ၂၅ ရက် တော့ နေနည်းနည်းပြန်ပွင့်လာတယ်” လို့ ပြောပါတယ်။

ညောင်တုန်း၊ ပန်းတနော်၊ ဝါးခယ်မ၊ မအူပင်၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း စတဲ့မြို့နယ်တွေမှာ မိုးစပါး တွေ ရေနစ်မြုပ်ပြီး တချို့စပါးခင်းတွေကတော့ ပျက်စီးတဲ့အထိဖြစ်နေတာလို့ ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံတောင်သူတယောက်က “တချို့ရိတ်တော့မဲ့ စပါးခင်းတွေ စပါး တွေက ၃ ရက်လောက် ရေမြုပ်သွားတော့ အပုပ်နံ့တောင် ထွက်နေတယ်။ အပင်ပေါက်တာ တွေလည်း မနည်းဘူး။ မိုးကမပြတ်တော့ ရေက နုတ်မရဘူး” လို့ ပြောပါတယ်။

မိုးဒဏ်ကြောင့် ရိတ်ခါနီးစပါးခင်းတွေ ရေမြုပ်နေတဲ့အပြင် အပွင့်ပွင့်နေတဲ့ မိုးစပါးတွေလည်း ရေထဲ ကျိုးကျကာ ပျက်စီးတော့မဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရိတ်သိမ်းခါနီးစပါးတွေ ရေစိုမိုးမိရင် စပါးမှိုတက်တာ၊ စပါးတွေ အရောင်ပြောင်းအပြင် ဆန်အဖြစ် ကြိတ်ခွဲရာမှာလည်း ဆန်ရောင်ပျက်တာ၊ ဆန်သားအက်တာ၊ ဆန်သားကျိုးတာ၊ ဆန်အရည်အသွေး ကျဆင်းသွားလို့ ဈေးကွက်မဝင်တဲ့အထိ ဖြစ်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တလကျော်ကြာရေဘေးသင့်ခဲ့တဲ့ မြို့နယ်တွေမှာလည်း စိုက်ခင်းတွေပျက်စီးသွားပြီး နောက်ထပ်သီးနှံစိုက်ဖို့လည်း ငွေကြေးအရင်းနှီး အဆင်မပြေတော့ဘူးလို့ ဒေသခံ တောင်သူတွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ညက ငဝန်တာကျိုးတာကျိုးပြီး လေးမျက်နှာမြို့နယ်ကို ရေလွှမ်းမိုးရာက စလို့ ဧရာဝတီတိုင်းက မြို့နယ်အများစုမှာ ရေဘေးဒဏ်ကို ခံစားခဲ့ကြရပါတယ်။ 

လေးမျက်နှာနဲ့ ကျုံပျော်မြို့နယ်က အဆိုးဆုံးဖြစ်ပြီး တလကျော်ကြာ ရေဘေးသင့်ခဲ့လို့ မိုးစပါး စိုက်ခင်းတွေနဲ့ ပီလောပီနံ စိုက်ခင်းဧက သောင်းနဲ့ချီ ရေနစ်မြုပ်ခဲ့တာပါ။

ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်းစတဲ့ မြို့နယ်တွေမှာလည်း စိုက်ပျိုးလယ်ယာမြေတွေ ပျက်စီးခဲ့ပြီး လေးမျက်နှာမြို့နယ်မှာတော့ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ မြို့နယ်လုံးကျွတ် ရေနစ်မြုပ် ခဲ့တာဖြစ်လို့ စပါးစိုက်ခင်းတွေအားလုံး ရေနစ်မြုပ်ပျက်စီးခဲ့ရပါတယ်။ 

သီတင်းကျွတ်ကာလရောက်ရင် လယ်တွေမှာ မတ်ပဲပြန်စိုက်ရမှာဖြစ်ပေမဲ့ စပါးခင်းတွေ ပြန်မရ တော့တာကြောင့် တောင်သူတွေက နောက်ထပ် သီးနှံစိုက်ပျိုးဖို့ကိုလည်း ငွေကြေးအရင်းနှီး အဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ရေမြုပ်စပါးခင်းတွေမှာ သီးနှံပြန်စိုက်လို့ ရမရ ဆိုတာကို နှစ်လ၊ သုံးလလောက် စောင့်ကြည့် ရဦးမယ်လို့ ဆိုပါတယ်။ 

လေးမျက်နှာမြို့က လယ် ၁၀ ဧက ဆုံးရှုံးသွားတဲ့ တောင်သူတယောက်က “မြေပြင်နဲ့ နုန်းတွေပဲ ကျန်ခဲ့တော့တာ။ စပါးပင်ဆိုတာ အကုန်ကျွတ်ပြီးတော့ ပုပ်ရိပြီး ဝါသွားတာ။ ဒီရွာမှာဆို ဆုံးရှုံးတဲ့သူတွေချည်းပဲ အများစုက။ ကလော(ပီလောပီနံ)စိုက်တဲ့သူတွေဆိုလည်း ဆုံးရှုံးကြတာပဲ။ ဆုံးရှုံးတဲ့ အတိုင်းအတာဆိုရင် စပါးတင်းတောင်မှ တဧကကို ၉၀၊ ၁၀၀ ထွက်တဲ့ စပါးတွေဆိုတော့ ၁၀ ဧကကျော်ကျော်ဆိုတော့ စပါးတင်း ၁၀၀ နီးနီးပေါ့၊ အခုဈေးနဲ့ဆိုရင်တော့ အတော်များတာပေါ့။ ဒီနှစ်ကလည်း ဈေးကောင်းတာဆို‌‌တော့၊ မြေဩဇာဖိုးတွေနဲ့ ဆေးဖြန်းတဲ့ဟာတွေနဲ့ နည်းတာမှ မဟုတ်တာ ရသမျှအကုန်ကုန် မြုပ်ထားသမျှအကုန်ကုန်ပေါ့” လို့ ပြောပါတယ်။ 

ဟင်္သာတမြို့နယ်ဘက်က ရေနစ်မြုပ်ပြီး အခင်းအကုန်နီးပါးမပျက်စီးခဲ့တဲ့ စပါးတွေကလည်း ပိုးကျပြီး အထွက်နှုန်းမကောင်းနိုင်တော့ဘူးလို့ တောင်သူတွေက ပြောပါတယ်။ 

ကျုံပျော်မြို့နယ်ဘက်မှာတော့ စပါးခင်းတွေသာမက ငှက်ပျောခင်းတွေပါ ပျက်စီးခဲ့ပါတယ်။ 

ရေပြန်ကျသွားပေမဲ့ နေအိမ်ပျက်စီးသွားသူတွေကတော့ လက်ရှိအချိန်အထိ ကယ်ဆယ်ရေးစခန်း တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ 

တောင်သူတွေမှာ နေအိမ်တွေ ရေဘေးသင့်ခဲ့တဲ့အပြင် သူတို့ရဲ့ စားဝတ်နေရေးအတွက် အဓိက အားထားနေရတဲ့ လယ်ယာတွေပါ ပျက်စီးသွားတဲ့အတွက် လာမဲ့နှစ်မှာ ပိုပြီးခက်ခဲလာနိုင်တယ်လို့ အကူအညီပေးနေသူတယောက်က ပြောပါတယ်။ 

“လောလောဆယ်တော့ ပြန်စိုက်လို့မရသေးဘူး၊ အချိန်လိုဦးမယ်။ ဆက်လက်ပြီးတော့ မိုးကလည်း ဆက်ရွာနေဦးမယ်ဆိုရင်တော့ သူတို့ဒီမြေဆီလွှာကို ပြုပြင်ပြီးတာတွေ ဘာတွေလုပ်ပြီးမှပဲ ပြန်စိုက်လို့ရမဲ့ အနေအထားမှာရှိတယ်။ စားဝတ်နေရေးက အခုကစပြီး ကျပ်တည်းနေပြီ။ လာမယ့်နှစ်ဆိုပိုဆိုးမှာပေါ့။ ဒေသခံတွေကလည်း လက်လုပ်လက်စားသမားတွေကတော့ ပိုခက်ခဲတာပေါ့။ လုပ်ငန်းရှင်တွေက ဒီလယ်တွေဆုံးရှုံးတယ်၊ လက်လုပ်လက်စားသမားတွေက လည်း ဒီလယ်တွေမရှိရင် အလုပ်အကိုင်တွေပိုရှားပြီး စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့ဖို့ များပါတယ်” လို့ ပြောပါတယ်။

လေးမျက်နှာမြို့ပေါ်က တချို့ကျေးရွာတွေမှာတော့ ပျက်စီးသွားတဲ့လယ်တွေနဲ့ ပတ်သက်လို့ စစ်အာဏာရှင်အစိုးရ ဧရာဝတီတိုင်းဝန်ကြီးဌာနက စာရင်းကောက်နေတဲ့အတွက် အကူအညီ အထောက်အပံ့တွေရဖို့ တောင်သူတွေက မျှော်လင့်နေကြပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013