
ကော့စတာရီကာ အာဏာပိုင်တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ အမြန်ရေယာဉ်တစင်းကို ၂၄ နာရီ နီးပါးကြာ လိုက်လံဖမ်းဆီးခဲ့ပြီးနောက် ကိုကင်း ၁,၉၀၁ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့သလို ကိုလံဘီယာနိုင်ငံသား ၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဧပြီ ၁၆ ရက်မှာ ပြောပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ GOPES အထူးတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကိုကင်း ၂ တန် နီးပါးကို ကားလ်ဒယ်ရာဆိပ်ကမ်းဆီ သယ်ဆောင်လာနိုင်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေးမှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးရဲတပ်ဖွဲ့နဲ့ တခြားတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ကူညီခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီး မာရီယိုဇာမိုရာက ပြောပါတယ်။
ဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ အဲဒီအမြန်ရေယာဉ်ဟာ အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ အင်ဂျင် ၄ လုံးနဲ့ မောင်းနှင်တာဖြစ်ပြီး ခရီးဝေးသွားနိုင်ဖို့ ပင်မဆီတိုင်ကီနဲ့ ချိတ်ဆက်ထားတဲ့ ပလတ်စတစ် ဆီပုံး ၂၀ လည်း ပါရှိပါတယ်။
အဲဒီလှေကို ကော့စတာရီကာ ရေပိုင်နက်ထဲက ကာဘိုဘလန်ကိုမှ ရေမိုင် ၁၇၄ မိုင်အကွာမှာ အမေရိကန်လေယာဉ် တစင်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ကော့စတာရီကာတို့ရဲ့ ပူးတွဲကင်းလှည့်မှု သဘောတူညီချက်အောက်မှာ လုပ်ဆောင်နေတာလို့ ဝန်ကြီးဌာနက ပြောပါတယ်။
Source:Reuters











