
ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုဟာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွှယ် နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မတ် ၂၀ ရက်မှာ ပယ်ချလိုက်ပြီး သူ့ရဲ့ နိုင်ငံရေးစည်းရုံးမှုတွေ အတွက် မာဖီယားဂိုဏ်းတွေဆီကနေ ငွေကြေးလက်ခံခဲ့တာမျိုး မရှိဘူးလို့လည်း ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက ဖက်ဒရယ်အစိုးရရှေ့နေရုံး ၂ ခုကနေ သမ္မတ ပက်ထရိုကို ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်တခုက ရိုက်တာကို ပြောကြားခဲ့ပြီးနောက်မှာ သမ္မတ ပက်ထရိုက တုံ့ပြန်ပြောကြားလိုက်တာပါ။
ဒီစုံစမ်းစစ်ဆေးမှုအကြောင်းကို New York Times သတင်းစာက ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီထဲမှာ နိုင်ငံတကာမူးယစ်ဆေးဝါးမှောင်ခိုကူးမှုဆိုင်ရာ အထူးရှေ့နေတွေအပြင် အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (DEA) နဲ့ ပြည်တွင်းလုံခြုံရေးစုံစမ်းစစ်ဆေးရေး (HSI) က အေးဂျင့်တွေ ပါဝင်ပါတယ်။
သမ္မတ ပက်ထရိုက “ကျနော်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေကြား ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စုံစမ်းစစ်ဆေးမှု တခုတောင် မရှိပါဘူး။ ဘဝတလျှောက်လုံး မူးယစ်ဆေးဝါးကုန်ကူးသူ တယောက်နဲ့ တောင် စကားမပြောဖူးပါဘူး” လို့ သူ့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် သူဟာ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေနဲ့ နိုင်ငံရေးသမားတွေကြား ဆက်နွှယ်မှုတွေကို ဖော်ထုတ်ဖို့ ၁၀ နှစ်လောက် ကြိုးပမ်းခဲ့ပြီး အဲ့ဒါကြောင့်လည်း ကိုယ်တိုင် အသက်အန္တရာယ်တွေ ရှိသလို မိသားစုပါ ပြည်ပထွက်ခွာ နေထိုင်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သူ့ X မှာပြောပါတယ်။
ရွေးကောက်ပွဲ လှုပ်ရှားမှုတွေကို ပတ်သက်ပြီးလည်း ဘဏ်လုပ်ငန်းရှင်တွေ၊ မူးယစ်မှောင်ခိုသမား တွေဆီက အလှူငွေတွေကို လက်မခံဘူးလို့ မန်နေဂျာတွေကို အမြဲပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
သူ့ရဲ့ သမ္မတရွေးကောက်ပွဲ လှုပ်ရှားမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေကလည်း မူးယစ်ဆေးဝါးဘက်က ငွေ တပြားတန်တောင် မတွေ့နိုင်ဘူးလို့ ယုံကြည်ကြောင်း ပြောထားပါတယ်။
ဒါကြောင့် နောက်ဆုံးကျရင် အမေရိကန်ရဲ့ စုံစမ်းစစ်ဆေးမှုတွေက ကိုလံဘီယာရဲ့မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ ထိပ်တိုက်တွေ့တယ်ဆိုတဲ့ ကိုလံဘီယာ လက်ယာစွန်းနိုင်ငံရေးအုပ်စုတွေရဲ့ စွပ်စွဲချက်တွေကို ပြန်ချေဖျက်ဖို့ ကျနော့်ကို အကူအညီ ဖြစ်လာပါလိမ့်မယ်လို့ သမ္မတ ပက်ထရိုက ပြောကြားခဲ့ပါတယ်။
Source:Reuters











