အမေရိကန်ဆီကနေ ဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ F-16 တိုက်လေယာဉ်တွေ ဝယ်ယူမဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပီရူးနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ကားလို့စ် ဒီယက်ဇ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟူးဂိုး ဒယ်ဇဲလာ တို့ဟာ ဧပြီ ၂၂ ရက်မှာ ရာထူးကနေ အသီးသီး နုတ်ထွက်သွားကြပါတယ်။
ဇူလိုင်လမှာ တာဝန်လွှဲပြောင်းတော့မဲ့ ယာယီသမ္မတ ဟိုဆေး ဘာလ်ကာဇာ ကတော့ သူဟာ ဒီအရောင်းအဝယ်ကို ကန့်ကွက်ခဲ့တာမဟုတ်ဘဲ သမ္မတ ရွေးကောက်ပွဲအပြီး တက်လာမဲ့ အစိုးရသစ် လက်ထက်ကျမှ ငွေပေးချေမှုတွေလုပ်ဖို့ ရွှေ့ဆိုင်းခဲ့တာသာဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။
သောက်သုံးရေ၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ရန်ပုံငွေလိုအပ်ချက် များနေတာကြောင့် အခုလို သတိထား ဆောင်ရွက်ရတာဖြစ်ကြောင်းနဲ့ သူ့စကားတွေကို အဓိပ္ပာယ်ကောက် မလွဲကြဖို့ သူက ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီး ကားလို့စ် ဒီယက်ဇ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟူးဂိုး ဒယ်ဇဲလာ တို့ကတော့ ဒီအရောင်းအဝယ် ညှိနှိုင်းမှုတွေအပေါ် သမ္မတ ဘာလ်ကာဇာရဲ့ ကိုင်တွယ်ပုံကို သဘောမတူတဲ့အတွက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ကြတာပါ။
ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဟူးဂိုး ဒယ်ဇဲလာ ကတော့ “စာချုပ်က လက်မှတ်ထိုးပြီးသား၊ ငွေပေးချေရမဲ့ရက်က ဒီနေ့မှာ ကုန်ဆုံးမှာပါ။ နိုင်ငံတခုက ကတိမတည်ရင် နိုင်ငံတကာမှာ ဂုဏ်သိက္ခာကျဆင်းပြီး နိုင်ငံခြားရေးဝန်ကြီးတယောက် အနေနဲ့လည်း တာဝန်ထမ်းဆောင်ဖို့ မဖြစ်နိုင်တော့ဘူး” လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
အလားတူ ကာကွယ်ရေးဝန်ကြီး ကားလို့စ် ဒီယက်ဇ် ကလည်း နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အပေါ် သဘောမတူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ပီရူးနိုင်ငံဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဝယ်ယူခဲ့တဲ့ Mirage 2000 နဲ့ MiG-29 တိုက်လေယာဉ် အဟောင်းတွေနေရာမှာ အစားထိုးဖို့အတွက် ကုမ္ပဏီအမျိုးမျိုးနဲ့ နှစ်ပေါင်းများစွာ ညှိနှိုင်းခဲ့တာပါ။
ပီရူးအနေနဲ့ နောက်ဆုံးမှာ တိုက်လေယာဉ် စုစုပေါင်း ၂၄ စင်းအထိ ဝယ်ယူဖို့ ရည်မှန်းထားပေမဲ့ ပထမအဆင့်အနေနဲ့တော့ ၁၂ စင်း ဝယ်ယူဖို့အတွက် သဘောတူညီချက်ရယူမှာ ဖြစ်ပါတယ်။
Source: Reuters










