ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်းရဲ့ တောင်ဘက်ကမ်းရိုးတန်းမှာ ဇွန် ၈ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ပြီးတဲ့နောက် ဇွန် ၁၄ ရက် မနက်အထိ လူ ၆၁ ယောက်ထက်မနည်း သေဆုံးပြီး ၁,၄၀၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးကောင်စီက ထုတ်ပြန်ပါတယ်။
လူ အယောက် ၄၀ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရသူ ဦးရေ ၇၂၀,၀၀၀ ကျော် ရှိတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အိမ်ခြေ ၅၄,၀၀၀ နဲ့ အခြေခံအဆောက်အအုံ ၇၂၅ ခု ပျက်စီးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု တန်ဖိုး ပီဆို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၆ သန်းလောက်) ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြို့နဲ့ မြို့ငယ် ၁၃ မြို့မှာလည်း ဘေးအန္တရာယ်အခြေအနေ ကြေညာထားပါတယ်။
ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်ဗေဒ အင်စတီကျုက ငလျင်ဟာ ဒေသစံတော်ချိန် ၇ နာရီ ၃၇ မိနစ်မှာ မင်ဒါနာအိုကျွန်းက ဆာရန်ဂါနီပြည်နယ်မှာရှိတဲ့ မာဆင်မြို့ကမ်းရိုးတန်းရဲ့ အနောက်တောင်ဘက် ၃၂ ကီလိုမီတာအကွာ မြေအောက်အနက် ၃၃ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










