
စက်သုံးဆီပြတ်လပ်မှု အခြေအနေတွေကြောင့် မြန်မာနိုင်ငံက အခမဲ့ လူမှုကူညီကယ်ဆယ်ရေး အသင်းကားတွေ အနေနဲ့ လမ်းကြောင်းတွေ စိစစ်ကူညီနေရသလို ဆီပြတ်လပ်မှာ ကြာရှည်မယ်ဆို မကြာခင် ရပ်နားသွားရနိုင်တဲ့ အခြေအနေရှိနေပြီး တက္ကစီ အငှားယာဉ်ကားခတွေလည်း ဈေးမြင့်တက်လာနေပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့အတူ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ ကြုံတွေ့နေရတဲ့ စက်သုံးဆီ ပြတ်လပ်မှု အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူမှုကူညီ ကယ်ဆယ်ရေး အသင်းကားတွေနဲ့ အငှားယာဉ်တွေရဲ့ ဆီရရှိနိုင်တဲ့ အခြေအနေတွေကလည်း အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ဘက်မှာလည်း ပဋိပက္ခတွေ ဖြစ်ပွားနေတာနဲ့နည်းတူ စက်သုံးဆီ ရရှိနိုင်တဲ့ အခြေအနေကလည်း အကန့်အသတ်တွေ ရှိနေလို့ ကူညီကယ်ဆယ်ရေးအသင်းတွေ အနေနဲ့ ကယ်ဆယ်ရေးလမ်းကြောင်းတိုင်း မကူညီနိုင်တော့တဲ့အကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“လမ်းကြောင်းတွေနဲ့ပတ်သက်လို့ပေါ့နော် အစ်ကိုတို့ စိစစ်နေရပြီ။ လမ်းကြောင်းတိုင်းကို လက်ခံလို့မရဘူး ဆိုတဲ့ သဘောပေါ့။ လာကူညီတောင်းတဲ့ အဖွဲ့ကိုလည်း သေချာနားလည်အောင် ပြောပြပြီးတော့ လမ်းကြောင်းတွေ စိစစ်နေရတာတော့ အခုကတည်းက စနေတာပေါ့နော်။ လမ်းကြောင်းတိုင်း အစ်ကိုတို့ လုံးဝ မကူညီနိုင်တော့ဘူး။ ဆီစျေးက ထပ်ပြီးတော့လည်း မြင့်တက်ဦးမယ် ဆိုတာကိုလည်း သိရတယ်ပေါ့နော်။ တချို့ ဆီဆိုင်တွေဆိုရင် စိစစ်ပြီးတော့ အစိုးရကနေပြီးတော့မှ စိစစ်ပြီးမှ ပေးတာဆိုတော့ အခါကျတော့ အစ်ကိုတို့ လူမှုကယ်ဆယ် ကားတွေအတွက် သီးသန့်ဆိုပြီးမှလည်း အသင်းအဖွဲ့တွေ ဆီဆိုင်တွေ အနေနဲ့လည်း လုပ်ပေးထားတာ ဘာမှမရှိဘူးပေါ့နော်။ မရှိတော့ နောက်ထပ် လာမဲ့လတွေမှာ အဲဒီလိုမျိုး ဖြစ်လာမယ် ဆိုလို့ရှိရင်တော့ သေချာတာတခုကတော့ အစ်ကိုတို့တွေ အလုပ် မလုပ်နိုင်တော့မှာကတော့ တကယ်ကို သေချာသွားပြီပေါ့နော်။”
စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးတာ၊ စက်သုံးဆီဈေးတွေ မြင့်တက်လာတာတွေကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်း ယန္တရားမှာပါ သက်ရောက်လာတာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ထည့်မောင်းရတဲ့ အငှားကားတွေကလည်း ဆီရနိုင်တဲ့ အခြေအနေက ပိုခက်ခဲလာတာကြောင့် အရင်ကထက် ကားငှားခတွေ ပိုတောင်းနေရတဲ့ အခြေအနေတွေ ရှိကြောင်း ပြောပါတယ်။
အငှားယာဉ်မောင်းတယောက်က “စောစောပိုင်းက တာမွေဘက်က ဆိုင်တွေဆို ပိတ်ထားတယ် ပြောတယ်၊ မရောင်းဘူးတဲ့။ ညဘက် တချို့ဆိုင်တွေဆို ည ၈ နာရီလောက် ဆိုင်ပိတ်သွားပြီဆိုတော့ အဲဒီအချိန်ထဲ တန်းစီစောင့်ရတာပေါ့။ အဲဒီအခါကျတော့ နောက်နေ့မနက် ၆ နာရီလောက်ကျမှ ပြန်ရတာ။ ကားငှားတဲ့ဈေးက ၅,၀၀၀ လောက် တက်သွားတာပေါ့။ တောင်ဥက္ကလာကနေ မြို့ထဲကို အရင်တုန်းက ၁၅,၀၀၀ တောင်းတယ်လေ၊ အခု ၂၀,၀၀၀ တောင်းနေတာဆိုတော့ ၅,၀၀၀ တက်သွားတာပေါ့” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ကတော့ အရေးပေါ်အခြေအနေတွေ ကြုံလာတဲ့အခါ အရင်လို အခမဲ့ ကူညီရေးအသင်းတွေကို အလွယ်တကူ အကူအညီ တောင်းခံနိုင်တော့မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။
ပြည်သူတယောက်က “ကျနော်တို့လို အခြေခံလူတန်းစား ပြည်သူတွေကတော့ အရေးပေါ် ကြုံလာရင်တော့ အရင်ထက် ပိုခက်ခဲမှာပေါ့လေ။ အရင်တုန်းက ဆိုရင်တော့ ရှင်ကူသင်းတွေ၊ လူမှုကူညီရေးအသင်းတွေကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်ရင် အဆင်ပြေပေမဲ့ အခုကတော့ နီးစပ်ရာ ပတ်ဝန်းကျင်က ကားတွေ၊ အငှားကားတွေကို ဈေးမတန်တဆ ပေးပြီးတော့၊ ဈေးပိုပေးပြီးတော့ ငှားရတော့မှာပေါ့။ ကြုံလာခဲ့ရင်တော့လည်း ကိုယ့်အားကိုယ် ကိုးရတော့မှာပေါ့လေ။ အခု လက်ရှိ အုပ်ချုပ်နေတဲ့ လူတွေက ဘာမှ မလုပ်ပေးနိုင်တဲ့အတွက် ကျနော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အားကိုးရတော့မှာပေါ့” လို့ ပြောပါတယ်။
စက်သုံးဆီစျေးနှုန်း မြင့်တက်လာတာကြောင့် ခရီးဝေးလမ်းကြောင်းတွေကို အခမဲ့ ကူညီပေးဖို့ ခက်ခဲလာတာ၊ ဆီဆိုင်တွေမှာ တန်းစီရတာ၊ ကန့်သတ်ချက်နဲ့ ဝယ်နေရတာတွေကြောင့် အရေးပေါ် လူနာတွေ အချိန်မီဖို့ ခက်ခဲလာတာနဲ့ တချို့ဒေသတွေမှာ အသင်းကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ၊ မှတ်ပုံတင်ခိုင်းတာတွေကြောင့် လုပ်ငန်းလည်ပတ်မှု နှေးကွေးရတဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။










