
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလုပ်လုပ်ခွင့်ပါမစ်နဲ့ မကိုက်ညီတဲ့ မြန်မာအလုပ်သမား ၂ ယောက်နဲ့ အလုပ်လုပ်ခွင့် အထောက်အထားမရှိတဲ့ မြန်မာ ၁ ယောက်၊ စုစုပေါင်း ၃ ယောက်ကို ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ Chiangmai Post သတင်းမှာဖော်ပြပါတယ်။
ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံးတို့ ပူးပေါင်းပြီး ချင်းမိုင်မြို့၊ ချန်ကလန်မြို့နယ်ထဲက ထိုင်းရိုးရာ အနှိပ်လုပ်ငန်းတခုကို ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲက ၂ ယောက်ဟာ အိမ်အကူအလုပ် Work permit ရှိပေမယ့် အနှိပ်သည်နဲ့ သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ကျန်တယောက်ကတော့ work permit အထောက်အထား မရှိဘဲ အနှိပ်သည်အဖြစ် လုပ်ကိုင် နေတာပါ။
ဖမ်းဆီးခံရသူ ၃ ယောက်ကို ဥပဒေအရ အရေးယူဖို့ ချင်းမိုင်ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။
ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနကတော့ နိုင်ငံခြားသား အလုပ်သမားတွေရဲ့ ဥပဒေချိုးဖောက်မှု တွေကို ဆက်လက် စစ်ဆေး အရေးယူသွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ချင်းမိုင်မြို့၊ မီးရထားဘူတာမှာ ဘန်ကောက်မြို့ကို သွားဖို့ စောင့်ဆိုင်းနေကြတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၇ ယောက်ကို ချင်းမိုင် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့ပါတယ်။











