DVB Logo
Home
အားကစား
နည်းပြတူချယ်၏ အင်္ဂလန်အသင်း ဂျပန်ကို ရှုံးနိမ့်
DVB
·
April 1, 2026
Photo: England football team
Photo: England football team
Donate to DVB

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အိမ်ကွင်း ဝင်ဘလေမှာ မတ် ၃၁ ရက် မနေ့ညက ကစားခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲမှာ အင်္ဂလန်အသင်းဟာ ဂျပန်အသင်းကို (၀-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး  အင်္ဂလန်အတွက် စိတ်ပျက်စရာရလဒ်တခု ဖြစ်ခဲ့ပါတယ်။

အသင်းခေါင်းဆောင်နဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဟယ်ရီကိန်းဟာ လေ့ကျင့်ခန်းမှာ ဒဏ်ရာရခဲ့တာကြောင့် ဒီပွဲကို လွဲချော်ခဲ့ရပြီး သူ့ရဲ့မပါဝင်နိုင်မှုက အင်္ဂလန်အသင်းရဲ့ တိုက်စစ်ပိုင်းကို သိသိသာသာ အားနည်းသွားစေခဲ့ကာ ဂျပန်အသင်းကို ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပါဘူး။

ဒီရှုံးပွဲကြောင့် အင်္ဂလန်အသင်းဟာ အာရှအသင်းတသင်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာ ဝင်ဘလေကွင်းအတွင်းက ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေကို ကြားခဲ့ရပါတယ်။

ဂျပန်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ဘရိုက်တန်ကစားသမား ကာအိုရု မီတိုမာက ပွဲချိန် ၂၃ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမား ကိုးလ်ပါးလ်မာ ဘောလုံးဆုံးရှုံးရာကနေ ဂျပန်အသင်းက တန်ပြန်တိုက်စစ်ဆင်ပြီး မီတိုမာက ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ကို ကျော်ဖြတ်ပြီး သွင်းယူခဲ့တာပါ။

အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဥရုဂွေးနဲ့ သရေကျခဲ့တဲ့ပွဲကနေ ကစားသမား ၁၀ ယောက် အပြောင်းအလဲလုပ်ပြီး ဒီပွဲကို စတင်ခဲ့ပေမဲ့ အသင်းရဲ့ ကစားပုံက ချိတ်ဆက်မှုမရှိခဲ့ပါဘူး။

တိုက်စစ်မှူးစစ်စစ်မပါဘဲ ဖီးလ်ဖိုဒန်ကို 'false nine' နေရာမှာ အသုံးပြုခဲ့တဲ့ စမ်းသပ်မှုကလည်း အလုပ်မဖြစ်ခဲ့ဘဲ တနာရီမပြည့်ခင်မှာပဲ ဒေါ့မနစ်ဆိုလန်ကီနဲ့ လူစားလဲခဲ့ရပါတယ်။

ပွဲပြီးခါနီးမှာ လူစားဝင်လာတဲ့ မန်ယူနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်ကို ဂျပန်နောက်ခံလူက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်ခဲ့တာကြောင့် အင်္ဂလန်အသင်း ချေပဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

ဂျပန်နဲ့ ခြေစမ်းပွဲမတိုင်မီ အင်္ဂလန်အသင်းကနေ ဆာကာ၊ ရိုက်စ်နဲ့ ဂျွန်စတုန်းစ် အပါအဝင် အဓိက ကစားသမား ၅ ယောက် ဒဏ်ရာကြောင့် နုတ်ထွက်သွားပေမဲ့ နည်းပြတူချယ်က စိတ်မဆိုးဘဲ နားလည်ပေးကြောင်း ပြောကြားခဲ့ပါတယ်။

ရာသီကုန်ခါနီး ပွဲပန်းနေတာကြောင့် ကစားသမားတွေရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်လို့ တူချယ်က ဆိုပါတယ်။ 

ကစားသမားတွေဟာ အသင်းနဲ့အတူရှိချင်ကြပေမဲ့ ဒဏ်ရာကြောင့်သာ အခုလို ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး အသင်းရဲ့ စည်းလုံးမှုနဲ့ ပက်သက်ပြီးလည်း ချီးကျူးခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဇွန်လမှာ ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013