
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက် အနော်မာ ၁ လမ်းရှိ နေအိမ်တအိမ်မှာ ဇူလိုင် ၃၁ ရက်က ဧည့်သည်အမျိုးသားတယောက်က အိမ်ရှင်နဲ့ မိသားစုဝင် ၂ ယောက်ကို ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းတွေ လုယက်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မိခင်ဖြစ်သူဆီ လာလည်တဲ့ ဧည့်သည်အမျိုးသားတယောက်က မိခင်၊ သမီးနဲ့ တူမဖြစ်သူ ၃ ယောက်စလုံးကို ရိုက်နှက်ကာ ရွှေထည်ပစ္စည်းနဲ့ ငွေတွေ လုယက်သွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ခေတ်ကာလက ဘယ်သူမှ ယုံလို့မရတဲ့ အနေအထားဖြစ်သွားပြီ။ အနော်မာ ၁ လမ်းထဲမှာ အိမ်ကို လာလည်တဲ့ ဧည့်သည်က အိမ်ရှင်နဲ့ မိသားစုဝင်တွေကို ရိုက်နှက်ပြီး လုသွားတယ်၊ ပစ္စည်းတွေ ပါသွားတာထက် လူကို မသတ်သွားတာဘဲ တော်သေးတယ်လို့ ပြောရမယ်။”
ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသမီး ၃ ယောက်ကို အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်းက တောင်ဥက္ကလာပမြို့နယ် ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူအမျိုးသားကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက အမှုဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဧပြီ ၂၃ ရက် နေ့လယ် ၁ နာရီခွဲကလည်း တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက် သုမင်္ဂလာလမ်းနဲ့ မေတ္တာလမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ ဖုန်းဆိုင်ကို အမျိုးသား ၃ ယောက်က ဝင်ရောက်လုယက်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တောင်ဥက္ကလာပမြို့နယ်ဟာ ဘဏ်ဓားပြတိုက်မှု၊ ရွှေဆိုင်လုယက်မှု၊ အငှားယာဥ်မောင်း လုယက်သတ်ဖြတ်၊ လုယက်မှုတွေ အများဆုံးဖြစ်ခဲ့တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။










