ရက်ပ်အဆိုတော်တဖြစ်လဲ နိုင်ငံရေးသမား ဘာလန်ဒရာရှားဟာ နီပေါဝန်ကြီးချုပ်အဖြစ် မတ် ၂၇ ရက်က ကျမ်းသစ္စာကျိန်ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှား ဦးဆောင်တဲ့ Rastriya Swatantra Party (RSP) ပါတီက တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။
အသက် ၃၅ နှစ်သာရှိသေးတဲ့ ရှားရဲ့ အောင်မြင်မှုဟာ နီပေါနိုင်ငံရဲ့ အရေးပါတဲ့ အချိုးအကွေ့တခု ဖြစ်ပါတယ်။
အဂတိလိုက်စားမှု၊ ဆွေမျိုးကောင်းစားရေးဝါဒနဲ့ လူတစုတည်း အုပ်ချုပ်နေမှုအပေါ် ဒေါသထွက်နေတဲ့ မဲဆန္ဒရှင်တွေဟာ အပြောင်းအလဲလုပ်မယ်ဆိုတဲ့ သူ့ရဲ့ကတိကဝတ်ကို သဘောကျခဲ့ကြတာပါ။
ဝန်ကြီးချုပ်တာဝန်မယူမီ မတ် ၂၇ ရက်မှာပဲ နီပေါရဲ့ အနာဂတ်အတွက် အကောင်းမြင်မှုတွေ အပြည့်ပါတဲ့ သီချင်းတပုဒ်ကို သူက ဖြန့်ချိခဲ့ပါတယ်။
သဘောမကွဲလွဲကြဘဲနဲ့ သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ကြပြီဆိုတဲ့ သဘောမျိုးကို သီချင်းထဲမှာ ထည့်သွင်း စပ်ဆိုထားပါတယ်။
ဘာလန်လို့ အများသိကြတဲ့ ဝန်ကြီးချုပ်သစ်ဟာ မြို့တော် ခတ္တမန္ဒူရဲ့ မြို့တော်ဝန်အဖြစ် ၃ နှစ်တာ တာဝန်ယူခဲ့အပြီးမှာ RSP ပါတီနဲ့ ပူးပေါင်းပြီးတော့ ဝန်ကြီးချုပ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
မတ် ၅ ရက်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ RSP ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ကေပီရှာမာအိုလီကို ဖြုတ်ချနိုင်ခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးနဲ့ အလုပ်အကိုင်အသစ် ၁ ဒသမ ၂ သန်း ဖန်တီးပေးရေး စတဲ့ အချက်တွေ ကတိပေးထားပါတယ်။
ဒါပေမဲ့ မြို့တော်ဝန်ဘဝက လမ်းဘေးဈေးသည်တွေကို ရဲတပ်ဖွဲ့သုံးပြီး နှိမ်နင်းခဲ့တာတွေကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေနဲ့တော့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။










