DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံသား နာမည်ခံ စီပွားရေးလုပ်သူများကို ဘာကြောင့် အရေးယူတာလဲ
DVB
·
June 19, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ထိုင်းနိုင်ငံသားတွေကို နာမည်ခံအဖြစ်အသုံးပြုပြီး တရားမဝင်စီးပွားရေးလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေက အရှိန်မြင့်နှိမ်နင်းနေပါတယ်။ 

ချင်းမိုင်မြို့မှာလည်း ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးဆောင်တဲ့ အင်အား ၁၈၀ ကျော်နဲ့ စစ်ဆေး နေတာကြောင့် မြန်မာအလုပ်သမားတွေ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သတိထားဖို့ လိုအပ် ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းတွေမှာ အဓိကလုပ်ဆောင်လေ့ရှိတဲ့ နိုင်ငံခြားသား နာမည်ခံ တရားမဝင် စီးပွားရေးလုပ်ငန်း နှိမ်နင်းရေးဟာ အခုဆိုရင် မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့ လုပ်ငန်းရှင်အများအပြား အခြေစိုက်ရာ မြောက်ပိုင်းချင်းမိုင်မြို့မှာပါ စတင်လုပ်ဆောင်နေကြပါပြီ။ 

ချင်းမိုင်မြို့ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဝန်ထမ်း ၁၈ဝ ကျော်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး လုပ်ငန်းတွေ ကို ပစ်မှတ်ထား စစ်ဆေးနေပါတယ်။ 

ဒီတခေါက်စစ်ဆေးရေးဟာ ထိုင်းနိုင်ငံသားတွေကို ထိပ်ကနေ နာမည်ခံခိုင်းပြီး နောက်ကွယ်ကနေ တရားမဝင်ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားသားတွေကို ထိထိရောက်ရောက် အရေးယူဖို့ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုထားပါတယ်။

လက်ရှိ စစ်ဆေးမှုတွေအရ ဟိုတယ်ဥပဒေချိုးဖောက်တဲ့ ဟိုတယ် ၂ ခု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ မညီညွတ်တဲ့ အဖွဲ့ ၃ ဖွဲ့အပြင်၊ ရုံးခန်းအစစ်အမှန်မရှိဘဲ လိပ်စာပဲတင်ထားတဲ့ ကုမ္ပဏီ ၁၁ ခုကို ဖော်ထုတ်အရေးယူထားပြီးလို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ထိုင်းအာဏာပိုင်တွေဟာ ဆူရတ်ဌာနီမှာ အောင်မြင်ခဲ့တဲ့ နည်းလမ်းတွေအတိုင်း ကုမ္ပဏီ တခု ချင်းစီရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ရုံးခန်းအစစ်အမှန် ရှိ၊ မရှိကိုပါ အသေးစိတ် လိုက်လံစစ်ဆေး နေတာကြောင့် မိမိတို့ရဲ့ လုပ်ငန်းလိုင်စင်နဲ့ စာရွက်စာတမ်းတွေကို ဥပဒေနဲ့အညီ အဆင်သင့် ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။

ချင်းမိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်တယောက်က “အခုထိုင်းမှာဆိုရင် ထိုင်းအစိုးရအတွက် မြန်မာတွေ က ငွေတွင်းတွေပဲ။ ကျမတို့ဆီကနေ သူတို့အခွန်တွေ နေထိုင်စရိတ်တွေ တနှစ်တနှစ်မနည်းဘူး။ အဲ့အပြင်ကိုမှ အခုလိုမျိုး စီးပွားရေးလုပ်နေတဲ့နေရာတွေကို အထောက်အထားပြည့်စုံနေရင်တောင်မှ ယိုပေါက်ကို သူတို့က မရမက လိုက်ရှာပြီးတော့ ဒဏ်ငွေပေးရတဲ့အပိုင်းတွေ ရှိတယ်ပေါ့။ အဲ့ဒါကြောင့် ကျမတို့တွေ ဒီနိုင်ငံမှာ လုပ်မယ်ဆိုရင် သေသေချာချာ စာရွက်စာတမ်း အထောက်အထား အခိုင်အလုံရှိတဲ့အပြင်ကိုမှ ကိုယ့်နိုင်ငံမှာမဟုတ်ဘဲ သူများနိုင်ငံမှာနေတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်ကို ထိခိုက် စေမယ့် အရာမျိုးတွေ မသင့်မမြတ် ဖြစ်တာမျိုး တွေ ကျမတို့ရှောင်ကြဥ်ရပါမယ်” လို့ ပြောပါတယ်။

ဒီစစ်ဆင်ရေးအပြင် ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစလို့ ထိုင်းနိုင်ငံတဝန်းမှာ ရက်ပေါင်း ၁၂၀ အလုပ်သမား စစ်ဆေးရေးစီမံချက်တွေ ရှိနေတာကြောင့် စာရွက်စာတမ်းမပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးခံရမှု သတင်းတွေကတော့ နေ့စဉ်လိုလို ရှိနေပါတယ်။ 

အထောက်အထားရှိပေမဲ့လည်း လုပ်ငန်းရှင်အမည် မပြောင်းထားတဲ့ အလုပ်သမားတွေနဲ့ ED (ပညာရေး) ဗီဇာနဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာကျောင်းသားတွေပါ ဒီစစ်ဆေးရေးအတွင်း ဖမ်းဆီးအရေးယူခံနေရတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမား ကူညီနေတဲ့အဖွဲ့အစည်းတွေက ဆိုပါတယ်။ 

ဒါ့အပြင် တရုတ်-ထိုင်း အွန်လိုင်းလောင်းကစား (Online Gambling) နှိမ်နင်းရေးလုပ်ငန်းစဉ်တွေ ကြောင့် အဲ့ဒီလုပ်ငန်းနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေတဲ့ မြန်မာ့အသိုက်အဝန်းတွေအနေနဲ့ လည်း ပိုပြီးသတိထားဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားရေးကူညီသူတယောက်က “ကျောင်းကနေ ဥပမာ ဒီ ကျောင်းသား တွေကို တပတ်မှာ ဘယ်နှနာရီပဲ လုပ်ခိုင်းတယ်၊ တပတ်မှာ ဘယ်နှရက်ပဲ လုပ်ခွင့်ရှိတယ်ဆိုတာ လျှောက်လို့ရတယ်။ ခွင့်ပြုချက် ရယူလို့ရတယ်။ ဒါပေမဲ့ တချို့က မလျှောက်တဲ့ အခါကျတော့ ခွင့်ပြုချက် သွားမယူတော့ အဲဒီ စစ်ဆေးတဲ့ အခါမှာဆိုရင်တော့ ဒီ ဒဏ်ငွေတွေ ဆောင်ရတာ ပေါ့နော်။ အဲဒီထက် အရေးကြီးတာက အထူးသဖြင့် ဒီ တရုတ်နဲ့ ထိုင်းက အဲဒီ ဘာလဲ ဒီ online gambling တွေနဲ့ ပတ်သက်ပြီးတော့မှ နှိမ်နင်းရေး စီမံချက်တွေက သူတို့က ဒီ ထိုင်းမှာ စင်တာတွေ ဖွင့်ပြီးတော့မှ စတင်လှုပ်ရှားလာတဲ့အခါမှာ သူတို့ target က မြန်မာ မဟုတ်ပေမဲ့လည်း မြန်မာနဲ့ ဆက်စပ်တဲ့ တရုတ်တွေ၊ တရုတ်တွေကလည်း မြန်မာနဲ့ ဆက်စပ်တဲ့ အဝန်းအဝိုင်းတွေက ပိုပြီးတော့မှ သတိထားရမယ့် အခြေအနေ ရောက်နေတယ်ပေါ့နော်“ လို့ ပြောပါတယ်။

ထိုင်းအစိုးရရဲ့ ရက် ၁၂၀ စီမံချက်အပြင် နာမည်ခံ (Nominee) စီးပွားရေးလုပ်ငန်းတွေအပေါ် အရှိန်မြှင့်နှိမ်နင်းနေတဲ့ ဒီကာလမှာတော့ ချင်းမိုင်မြို့အခြေစိုက် မြန်မာလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းလိုင်စင်၊ ငွေကြေးစီးဆင်းမှုနဲ့ ဗီဇာစာရွက်စာတမ်းတွေကို ဥပဒေနဲ့အညီ အမြဲအဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားကြဖို့ လိုအပ်နေပါတယ်။ 

မောရစ်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013