
ချဲလ်ဆီးဘောလုံးအသင်းက နည်းပြချုပ် လီယမ်ရိုဆန်နီယာကို ရာထူးကနေ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ကလပ်အသင်းက ဒီကနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
ရာသီဝက်မှာ စတင်တာဝန်ယူခဲ့တဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို ကျေးဇူးတင်ပေမဲ့ အသင်းရဲ့ မကြာသေးခင်က ရလဒ်တွေနဲ့ ခြေစွမ်းပိုင်းဟာ လိုအပ်တဲ့ စံနှုန်းအောက် ရောက်နေတဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့တာလို့ ချဲလ်ဆီးအသင်းက ဆိုပါတယ်။
ရာသီကုန်အထိ ယာယီနည်းပြချုပ်အဖြစ် ကယ်လမ်မက်ဖာလိန်းကို ခန့်အပ်ထားပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့်ရဖို့နဲ့ အက်ဖ်အေဖလားမှာ ရှေ့ဆက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ အသင်းတည်ငြိမ်မှုရဖို့အတွက် ရေရှည်ကိုက်ညီမဲ့ နည်းပြသစ် တယောက်ကိုလည်း အသေအချာ ရွေးချယ်ခန့်အပ်သွားမယ်လို့ ချဲလ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်ကို (၃-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ လီယမ်ရိုဆန်နီယာကို သူတာဝန်ယူပြီး ၄ လမပြည့်ခင်မှာပဲ ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပြီး ချဲလ်ဆီးကို ၂၃ ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် အသင်းက အခုလို အမြန်ဆုံး အဆုံးသတ်ခဲ့တာပါ။
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့လို အမှတ်ပေးဇယား အဆင့် ၇ ထိ ကျဆင်းသွားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း ရုန်းကန်နေရပါတယ်။
ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့မှာ လိဒ်ယူနိုက်တက်နဲ့ FA Cup ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။
အသင်းပိုင်ရှင်တွေက ရေရှည်တည်ငြိမ်မှုကို လိုလားတယ်လို ပြောဆိုထားပေမဲ့ ရလဒ်ဆိုးတွေကြောင့် အခုလို ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။











