
အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ဟာ ပင်လယ်နီကမ်းခြေမှာရှိတဲ့ မိုခါဆိပ်ကမ်းကို ဩဂုတ် ၁၄ ရက်က ပဲ့ထိန်းဒုံးကျည် ၆ စင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာအသိအမှတ်ပြု ယီမင်နိုင်ငံ အစိုးရက ပြောပါတယ်။
ယီမင်စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီတိုက်ခိုက်မှုဟာ အရပ်ဖက် အခြေခံအဆောက်အအုံတွေ၊ စီးပွားရေးနဲ့ ရေကြောင်းဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းလုံခြုံရေးဝန်ထမ်း တယောက်သေဆုံးခဲ့ပြီး၊ အရပ်သား ၈ ယောက် ဒဏ်ရာရခဲ့သလို သင်္ဘောသား ၂ ယောက်လည်း ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် ငါးဖမ်းလှေ အများအပြားလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။
ယီမင်ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာ မိုခါမြို့အထက်မှာ မီးနဲ့ မီးခိုးတွေ ထွက်နေတာနဲ့ ပေါက်ကွဲသံတွေကိုပါ တွေ့ရကြားရပါတယ်။
တဖက်မှာလည်း ဟူသီအဖွဲ့ဟာ အဲဒီတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာလို့ ထုတ်ပြောထားပြီး မိုခါမြို့မှာ တပ်စွဲထားတဲ့ ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေ၊ လက်နက်တွေနဲ့ စစ်သင်္ဘောတွေကို ပဲ့ထိန်းဒုံးကျည် အမြောက်အမြားနဲ့ ပစ်ခတ်ခဲ့တာဖြစ်သလို လှေတွေနဲ့ လက်နက်တွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ တုံ့ပြန်ပြောပါတယ်။
ဒါ့အပြင် ဟူသီ ထိန်းချုပ်ထားတဲ့ ဆာဘာ-SABA သတင်းဌာနက ဆော်ဒီနိုင်ငံ နာဂျရန်မြို့မှာရှိတဲ့ အာရံမ်ကိုရေနံကုမ္ပဏီ အဆောက်အအုံတခုကိုလည်း ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ယီမင်နိုင်ငံ ဆာဒါခရိုင် လေပိုင်နက်ထဲကို ဆော်ဒီစစ်လေယာဉ်တွေ ဝင်ရောက်လာတာကို တုံ့ပြန်တာလို့ သတင်းမြစ်က ပြောပေမဲ့ ပစ်မှတ်ကို ထိမှန်မှု ရှိ မရှိ ကိုတော့ ဖော်ပြမထားပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီအာဏာပိုင်တွေနဲ့ အာရံမ်ကို ရေနံကုမ္ပဏီဘက်ကလည်း တစုံတရာ အတည်ပြုထားတာ မရှိသေးပါဘူး။
အခုလို ဟူသီနဲ့ ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရတို့ကြား စစ်ရေးတင်းမာလာတာဟာ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲကြောင့် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။
အခုအခါ အမေရိကန်-အီရန် စစ်ပွဲမှာ ဟူသီတို့ဟာ အဓိက စစ်မျက်နှာတခု ဖြစ်လာခဲ့တာကြောင့် ယီမင်မှာအကြီးစားစစ်ပွဲကြီး ပြန်စလာနိုင်ခြေ ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
Source: Reuters











