
ကျမ၏ လက်ထဲတွင် တရားဥပဒေ စာအုပ်များ ရှိနေဆဲ ဖြစ်သည်။ ရင်ထဲတွင်လည်း ကျမ်းသစ္စာပြုခဲ့စဉ်က ခံယူချက်များ မပြောင်းလဲသေးပါ။ သို့သော် ယနေ့တွင်မူ ထိုစာအုပ်များကိုင်ကာ ဝင်ရောက်နေကျဖြစ်သော တရားခွင်တံခါးဝ၌ ကျမ ရပ်တန့်လိုက်ပြီ ဖြစ်သည်။ တရားဥပဒေ၏ စံနှုန်းများကို ဖျက်ဆီးကာ အာဏာရှင် စိတ်ကြိုက် စီရင်ဆုံးဖြတ်နေကြသည့် ဤကဲ့သို့သော "မသန့်ရှင်းသည့် တရားရုံး" တခုအတွင်း ဆက်လက်ရပ်တည်နေခြင်းသည် အမှန်တရားကို သစ္စာဖောက်ရာရောက်သည်ဟု ကျမ ခံစားလာရပြီ ဖြစ်သည်။ တကယ်တော့ တရားခွင်ဆိုသည်မှာ တရားလိုနှင့် တရားခံ တန်းတူညီမျှ ရင်ဆိုင်ကာ အမှန်တရားကို ဖော်ထုတ်ရမည့်၊ အမှန်တရားများ ရှာဖွေပေးရာ နေရာ ဖြစ်ရပါမည်။ သို့သော် လက်ရှိ မြင်ကွင်းများကမူ ထိုစံနှုန်းများကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးနေကြပါပြီ။ တရားသူကြီး၏ ခုံတန်းလျားသည် ဥပဒေကို မကိုးကွယ်တော့ဘဲ အာဏာရှင်၏ အမိန့်ပေးချက်များကိုသာ နာခံနေကြသည်။
သက်သေအထောက်အထားများ၊ ဥပဒေပြဋ္ဌာန်းချက်များသည် ဤနေရာတွင် တန်ဖိုးမရှိတော့ဘဲ၊ ကြိုတင်ရေးဆွဲပြီးသား အမိန့်များကိုသာ အကောင်အထည်ဖော်ပေးနေရသည့် နေရာတခု ဖြစ်လာနေပေပြီ။ ဤကဲ့သို့သော စစ်ဆေးစီရင်မှုမျိုးတွင် ရှေ့နေတယောက်အနေဖြင့် လိုက်ပါဆောင်ရွက်နေခြင်းသည် မတရားမှုကို တရားဝင်ဖြစ်စေရန် (Legitimate လုပ်ရန်) သက်သေခံပေးနေရသည့် လူသားတဦး ဖြစ်သွားစေသည်ဟု ကျမ တွေးမိသည်။
၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဥပဒေဆိုသည်မှာ လူတစု၏ စေခိုင်းမှုအောင် ရောက်နေပြီ ဆိုတာကို ကျမကိုသက်သေထူပေးလိုက်ပြီဖြစ်သည်။ ဒါကြောင့်ပင် ကျမ ဆုံးဖြတ်လိုက်သည်။ ဤ မသန့်ရှင်းသော ခုံရုံးပေါ်တွင် ကျမကိုင်စွဲထားသော ဥပဒေစာအုပ်ကို၊ အမှန်တရားကို ကာကွယ်လိုသူများအတွက် အခမဲ့ရှေ့နေတဦးအဖြစ် ဆက်လက် လိုက်ပါ ဆောင်ရွက်ပေးခြင်းကသာ သစ္စာစောင့်သိရာရောက်မည်ဟု ယုံကြည်လိုက်သည်။ မတရားဖမ်းခံလိုက်ရသည့် ၅၀၅ (က) အမှုများကို ကျမသိတတ်သော ဥပဒေပညာဖြစ် အခမဲ့ အမှုလိုက်ပေးခဲ့သည်။ တကယ်တော့ အမှန်တရားစောင့် နတ်သမီးက သူ့မျက်စိကို ပဝါဖြင့် အစည်းခံရတာကြာသဖြင့် ဘာမှမမြင်နိုင်တော့ဘူးဆိုရင်တောင် ကျမကတော့ အမှန်တရားအတွက် ဆက်လက်ရှင်သန်နေရမည် ဖြစ်သည်။
တရားခွင်က အိမ်အပြန်တွင် ဆာလောင်နေသည့် ဗိုက်ကလေးအတွက် အစားအသောက်ကို ပြင်ဆင်ချက်ပြုတ်နေစဉ် စစ်ကားများက ခြံတခုလုံးကို ပိတ်ကာလိုက်ကြသည်။ ဒါဟာ ကျမကို စစ်တပ်က လာဖမ်းမည်ကို အချက်ပေးလိုက်သော အသံပင်။ ကျမသည် ရှေ့နေတဦးပီပီ မည်မျှပင် တုန်လှုပ်ပါစေ၊ တရားခွင်ပေါင်းများစွာကို ကျော်ဖြတ်ဖူးသူပီပီ ဆက်လုပ်ရမည့် ချက်ပြုတ်နေသည့် အလုပ်ကို အေးဆေးစွာ ဆက်လုပ်နေလိုက်သည်။ ထင်ထားသည့်အတိုင်းပင် စစ်တပ်နှင့် ရဲများ စစ်ဖိနပ်သံ တဗုန်းဗုန်းဖြင့် ရောက်လာပြီး "မေးစရာရှိလို့ ခဏလိုက်ခဲ့ပါ" ဆိုသည့် စကားနှင့်အတူ ဖမ်းဝရမ်းမပါ၊ ရပ်ကွက်လူကြီးမပါဘဲ ရောက်လာကြသည်။ တရားဥပဒေကို နားလ ည်ပါသည်ဟုဆိုသည့် ရှေ့နေတဦးကို ဥပဒေမဲ့စွာ ဖမ်းခေါ်သွားလေ၏။ ကျမ ကျောက်မဲအချုပ်ခန်းကို ရောက်လို့လာခဲ့သည်။ ဦးခေါင်းထဲတွင်တော့ "ရဲခဏ" ဆိုသည်မှာ ထောင် ၆ လလောက်တော့ အသားကျသွားမည့်အကြောင်းကို သိသူပီပီ ခပ်ထွေထွေလေး ပြုံးမိလိုက်တော့သည်။ ကျမထင်သည့်အတိုင်းပင် ကျမကို ၅၂(က) ဖြင့် မတရား ဖမ်းဆီးလိုက်ကြသည်။
တရားခွင်တွင် ဥပဒေအကြောင်းများကို တသွင်သွင်ပြောနေသော တရားသူကြီးနှင့် အစိုးရရှေ့နေတို့၏ တရားဥပဒေဆိုတဲ့ စကားသံကို ကြားရချိန် ကျမ ရယ်ချင်စိတ်ကို မျိုသိပ်ထားရတာ ခဏခဏပင်။ တကယ်တော့ ၎င်းတို့ ကျိန်ဆိုခဲ့သည့် ကျမ်းသစ္စာများ၊ ပြောခဲ့သည့် စကားများကို ပြည်သူများက မသိနိုင်သော်လည်း ကျမကတော့ ပြောစရာစကားမဲ့အောင် ရယ်ချင်နေမိလေ၏။ လားရှိုးအကျဉ်းထောင်သို့ ကျမကို သူတို့ ပို့ဆောင်လိုက်ကြသည်။ ထောင်ဆိုသည်မှာ တကယ်တော့ ကျမနှင့် မဆိုင်သည့် နေရာဆိုတာကို တွေးမိတိုင်း မခံချင်စိတ်ကြောင့် အံကိုတင်းတင်းကြိတ်ကာ ဘူးဝကို ဖြတ်ကျော်လာခဲ့လိုက်သည်။
ရှေ့နေဆိုသည့် နာမည်တခုအောက်မှာတင် အကျဉ်းဦးစီး၏ ကြိုတင်ဖိနှိပ်ရန် အကွက်ချစီစဉ်မှုများနှင့် ကိုလိုနီခေတ်လက်ကျန် အသုံးမဝင်တော့သည့် အကျဉ်းထောင် လက်စွဲဥပဒေများကို ကိုင်စွဲကာ ကျမ၏ လူ့အခွင့်အရေးနဲ့ ဂုဏ်ပုဒ်တို့ကို သူတို့ စတင်ဖျက်ဆီးဖို့ရန် ကြိုးစားပါလေတော့၏။
တရားခွင်အတွင်း၌ ကျန်ရစ်ခဲ့သူများအတွက် ကျမ စိတ်မကောင်းဖြစ်မိပါသည်။ သို့သော် ကျမ ဘာမှ မလုပ်နိုင်တော့တာတော့ မဟုတ်ပါ။ ဆိုလိုသည်မှာ မိမိတို့၏ ယုံကြည်ချက်အတွက် မတရား ဖမ်းဆီးခံထားရပြီး တရားခံခုံပေါ်တွင် မားမားမတ်မတ် ရပ်တည်နေကြသည့် ရဲရင့်သော သူရဲကောင်းများကို ကျမ ကျောခိုင်းခဲ့ခြင်း မဟုတ်ပါ။ ဥပဒေကို အလွဲသုံးစားလုပ်နေသည့် ထိုစနစ်ဆိုးကြီးကိုသာ ကျမ ကျောခိုင်းလိုက်ခြင်း ဖြစ်သည်။ သူတို့ဘက်မှ တရားဝင် ရပ်တည်ကာ ခုခံပေးခွင့် ပိတ်ပင်ခံရတော့မည်ဆိုလျှင်ပင်၊ တရားခွင်ပြင်ပကနေ အမှန်တရားအတွက် ဆက်လက် အသံထွက်ပေးရန် ကျမ ဆုံးဖြတ်ခဲ့ပြီ ဖြစ်သည်။
ဝတ်ရုံကို ချွတ်လိုက်ရသဖြင့် ရှေ့နေတယောက်၏ အခွင့်အရေးကို ဆုံးရှုံးသွားကောင်း သွားနိုင်ပါသည်။ သို့သော် လူသားတယောက်အနေဖြင့်၊ ဥပဒေပညာရှင်တယောက်အနေဖြင့် ထိန်းသိမ်းရမည့် သိက္ခာနှင့် အမှန်တရားကိုမူ ကျမ ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။
မသန့်ရှင်းသော တရားရုံးများက မည်မျှပင် မတရားသော စီရင်ချက်များကို အဓမ္မ ချမှတ်နေစေကာမူ၊ တရားခွင်ကို စွန့်ခွာလာရသည့် ကျမတို့ကဲ့သို့ ဥပဒေပညာရှင်များနှင့် တရားခံခုံပေါ်က ရဲရင့်သော သူရဲကောင်းတို့၏ ရင်ထဲတွင် အမှန်တရား မီးက မီးခဲကဲ့သို့ တောက်လောင်နေသည်။ ဤအမှန်တရားက ဘယ်တော့မှ ငြိမ်းသွားမည်မဟုတ်ပေ။ အကျဉ်းထောင် တံတိုင်းမြင့်များနှင့် သံတံခါးများက ကျမတို့ရဲ့ ကိုယ်ခန္ဓာကိုသာ ချုပ်နှောင်ထားနိုင်မှာဖြစ်ပြီး၊ ရင်ထဲက အမှန်တရားကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ ငြှိမ်းသတ်နိုင်မည် မဟုတ်ပေ။ ဥပဒေ စစ်မှန်စွာ ပြန်လည် ထွန်းကားလာမည့် တနေ့ကို ရောက်ရှိလာဦးမည်ဟု ခိုင်မာစွာ ယုံကြည်လျက်...။
သက်တန့်နွေဦး











