
ကမ္ဘာ့တရားဥပဒေစိုးမိုးရေးစီမံကိန်း (WJP) ရဲ့ ၂၀၂၆ ခုနှစ် တရားဥပဒေစိုးမိုးရေး အညွှန်းကိန်း ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၃ နိုင်ငံအနက် အဆင့် ၁၃၇ မှာ ရပ်တည်နေပြီး အာဆီယံဒေသမှာတော့ အဆင့် ၇ မှာ ရှိနေတယ်လို့ သိရပါတယ်။
WJP ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ စုစုပေါင်းရမှတ်မှာ ၁ ဒသမ ၀၀ မှတ်မှာ ၀ ဒသမ ၃၃ မှတ်သာ ရရှိခဲ့ပြီး ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာပါဝင်နေသလို အာဆီယံနိုင်ငံတွင်း ကမ္ဘောဒီးယားပြီးရင် အနိမ့်ဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။
အာဆီယံဒေသမှာ တရားဥပဒေစိုးမိုးရေး အညွှန်းကိန်း အကောင်းဆုံးနိုင်ငံဟာ စင်ကာပူနိုင်ငံဖြစ်ပြီး ရမှတ် ၀ ဒသမ ၇၉ နဲ့ ကမ္ဘာ့အဆင့်မှာတော့ နံပါတ် ၁၄ နဲ့ ထိပ်တန်းနိုင်ငံအဖြစ် စာရင်း၀င်နေတာ ဖြစ်ပါတယ်။
အဆင့် ၂ နေရာမှာ မလေးရှားနိုင်ငံ ရမှတ် ၀ ဒသမ ၅၇၊ အဆင့် ၃ အင်ဒိုနီးရှား ရမှတ် ၀ ဒသမ ၅၁၊ အဆင့် ၄ ထိုင်း ရမှတ် ၀ ဒသမ ၅၀ နဲ့ ရပ်တည်နေတာပါ။
သူ့နောက်မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာနဲ့ ကမ္ဘာဒီးယားနိုင်ငံတို့ အစဉ်လိုက် ရပ်တည်နေပြီး ဘရူနိုင်း၊ လာအိုနဲ့ တီမောနိုင်ငံတို့ကို ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
ကမ္ဘာ့တရားဥပဒေစိုးမိုးရေး စီမံကိန်းရဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံအဖြစ် ဗင်နီဇွဲလား၊ အာဖဂန်နစ္စတန်၊ ဟေတီ၊ ကမ္ဘောဒီးယား၊ နိုက်ဂါရာဂွါ၊ ဆူဒန်၊ မြန်မာ၊ ဒီအာကွန်ဂို၊ အီဂျစ်နဲ့ ကင်မရွန်းတို့ကို အစဉ်လိုက် ထည့်သွင်းထားပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ရမှတ် ၀ ဒသမ ၃၃ ဟာ အာဆီယံဒေသတွင်းမှာ တရားဥပဒေစိုးမိုးရေး အားနည်းချက် ကြီးမားစွာ ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း မီးမောင်းထိုးပြသွားတာ ဖြစ်ပါတယ်။
စီးပွားရေးနဲ့ ငြိမ်းချမ်းရေးအင်စတီကျု (IEP) ရဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ ငြိမ်းချမ်းမှု အနည်းဆုံးနိုင်ငံအဖြစ် နောက်ဆုံးမှာ ရပ်တည်နေတယ်လို့ ဆိုပါတယ်။
Source: World Justice Project











