
မိတ္ထီလာမြို့နယ်မှာ စုကြေးငွေနဲ့ ဖုန်းဝယ်ခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ဆီလောင်းမီးရှို့တာကို ခံခဲ့ရတဲ့ အမျိုးသမီး ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲက မန္တလေးဆေးရုံကြီးမှာ သေဆုံးသွားတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
မိတ္ထီလာမြို့နယ်မှာနေထိုင်တဲ့ မစံပယ်အောင်ကို ခင်ပွန်းဖြစ်သူက သြဂုတ် ၁၁ ရက် ညက စုမဲကြေးငွေနဲ့ ဖုန်းဝယ်တဲ့အတွက် ခန္ဓာကိုယ်ကို ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“စုကြေးငွေနဲ့ ဖုန်းဝယ်လို့ဆိုပြီး မိန်းမကို ဓာတ်ဆီလောင်း မီးရှို့တာ၊ ညတွင်းချင်း မန္တလေးဆေးရုံကြီးတင်ရတယ်။ ၅ ရက်လောက်ကုရတယ်၊ ဒီနေ့ ဆုံးသွားတယ်။ မီးရှို့သွားတဲ့သူကိုတော့ မမိသေးဘူး။”
အခင်းဖြစ်တဲ့ သြဂုတ် ၁၁ ရက် ည ၉ နာရီခွဲမှာ လူမှုကူညီရေးအသင်းတွေက မီးလောင်ဒဏ်ရာရရှိထားတဲ့ မစံပယ်အောင်ကို မန္တလေးဆေးရုံကြီး အထူးကြတ်မတ်ကုသဆောင်ကို ပို့ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
လက်ရှိအခြေအနေအထိ ပြစ်မှုကျုးလွန်သူအမျိုးသားကို မိတ္ထီလာမြို့နယ်ရဲစခန်းက အမှုဖွင့်ထားပေမဲ့ ဖမ်းမမိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။











