
ချက်တပ်မတော်ဟာ လူမဲ့ဒရုန်းစနစ်တွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ အဲဒီဒရုန်းတွေကို ခုခံကာကွယ်မဲ့ စနစ်တွေကိုပါ စမ်းသပ်ဖို့အတွက် ဒရုန်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
ချက်စစ်တပ်က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုထဲမှာ စစ်သည်တွေဟာ “Drone Shield 2026” စစ်ရေးလေ့ကျင့်မှုအတွင်း ဒရုန်းတွေကို မောင်းနှင် ထိန်းချုပ်နေတာကို တွေ့ရပါတယ်။
စစ်ပွဲ ကြာရှည်လာတာနဲ့အမျှ ရုရှားရဲ့ လတ်တလော အကြီးမားဆုံး ခြိမ်းခြောက်မှုဟာ သမားရိုးကျ စစ်ရေးအရ တိုက်ခိုက်တာမျိုး မဟုတ်တော့ဘဲ ယူကရိန်း မဟာမိတ်တွေကို မတည်မငြိမ် ဖြစ်အောင်နဲ့ အနောက်အုပ်စုရဲ့ စည်းလုံးမှုကို ပျက်ပြားအောင် ရည်ရွယ်တဲ့ လျှို့ဝှက်အဖျက်အမှောင့် လုပ်ရပ်တွေပဲလို့ ဥရောပအစိုးရတွေ ပိုမိုရှုမြင်လာချိန်မှာ ဒီစစ်ရေးလေ့ကျင့်မှုတွေ ပေါ်ပေါက်လာတာပါ။
မော်စကိုဟာ ကိယက်ဗ်ဘက်က ရုရှားကျူးကျော်မှုကို ခုခံနိုင်အောင် ကူညီပေးနေတဲ့ မဟာမိတ်တွေ အထူးသဖြင့် ဂျာမနီကို ဖိအားပေးဖို့အတွက် လတ်တလောလတွေအတွင်း နယ်စပ်ကျော်လွန် ဒရုန်းဝင်ရောက်မှု အပါအဝင် ပါဝင်ပတ်သက်ကြောင်း ငြင်းဆန်နိုင်တဲ့ အဖျက်အမှောင့်လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ ဥရောပနိုင်ငံတွေက သံသယရှိနေကြပြီး ကရင်မလင်ကတော့ ဒါကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
ဒါ့အပြင် ပိုလန်နိုင်ငံ ကောင်းကင်ယံမှာ ကင်းလှည့်ဖို့အတွက် ချက်လေတပ်ရဲ့ JAS-39 Gripen တိုက်လေယာဉ်တွေကို ညဘက်မှာ အရေးပေါ် စေလွှတ်ခဲ့ရတယ်လို့ ချက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ပိုလန်လေတပ်ဟာ ကြိုတင်ကာကွယ်တဲ့ စစ်ဆင်ရေးတွေကို ထပ်မံလုပ်ဆောင်နေတာဖြစ်ကြောင်း ပိုလန်တပ်မတော်က X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Source: Reuters










