အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် အားကစားသိပ္ပံ နည်းလမ်းတွေကို အသုံးပြုပြီး ပြင်ဆင်နေပါတယ်။
အင်္ဂလန်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ခရိုအေးရှားနဲ့ ပွဲဦးထွက် ကစားရမှာပါ။ အဲဒီပွဲကစားမဲ့ ဒါးလက်စ်မြို့မှာ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်နိုင်ပါတယ်။
အပူချိန်မြင့်မားတာကြောင့် ကစားသမားတွေဟာ တပွဲတည်းနဲ့ ၄ ကီလိုဂရမ်အထိ ကိုယ်အလေးချိန် ကျဆင်းနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
အားကစားဆေးပညာရှင် ဒိုမီနစ်ရေးကတော့ ကစားသမားတွေအတွက် ကိုယ်ပိုင်ရေဓာတ် ဖြည့်တင်းမှု အစီအစဉ်တွေ၊ ချွေးစစ်ဆေးမှုတွေနဲ့ အီလက်ထရိုလိုက်ဓာတ် ဖြည့်တင်းတာတွေက အရေးကြီးတယ်လို့ ဆိုပါတယ်။
ပွဲအပြီးမှာ အမြန်ဆုံး ပြန်လည်အားဖြည့်နိုင်ဖို့အတွက် ဒေသတွင်းဆိုင်က ပီဇာတွေမဟုတ်ဘဲ အာဟာရပြည့်ဝတဲ့ အိမ်လုပ်ပီဇာတွေကို စားသုံးစေတာလို့ ပညာရှင် ဒိုမီနစ်ရေးက ပြောပါတယ်။
ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေကို လျှော့ချဖို့အတွက် ဂေါက်ရိုက်တာ၊ ရေပိုလိုကစားတာလိုမျိုး ပျော်ရွှင်စရာ လှုပ်ရှားမှုတွေကလည်း အရေးပါကြောင်း ဒိုမီနစ်ရေးက ထောက်ပြပါတယ်။










