
မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းမှာ ဩဂုတ် ၁၉ ရက် မနက်က ကျောက်စိမ်းရောင်းဝယ်သူတယောက် ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်း အချောထည်တွေ ဓားထောက်လုယက်ခံခဲ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား၊ ၃၉ လမ်းနဲ့ လမ်း ၄၀ ကြားရှိ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ဒီကနေ့ မနက် ၁၀ နာရီကျော်က ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၄၅ နှစ်ဝန်းကျင် အမျိုးသားအား အမည်မသိအမျိုးသား ၂ ယောက်က ဓားထောက်လုယက်ခဲ့တာလို့ သိရပါတယ်။
မဟာအောင်မြေကျောက်ဝိုင်းမှာ ကျောက်စိမ်းဝယ်ရောင်းလုပ်နေသူတယောက်က “ကျနော်က အိမ်စောပြီး ပြန်လာတာ။ အိမ်ရောက်မှ သူငယ်ချင်းတယောက်က လှမ်းပြောလို့ သိရတာ။ အချောထည်လိုင်းက တယောက်ဆီက ပါသွားတာ။ သိန်း ၅၀၀ ကျော် ဖိုးလောက်လို့တော့ သတင်းထွက်နေတာပဲ” လို့ DVB ကို ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေက လုယက်ခံရသူအား ဓားနဲ့ထောက်ကာ ကျောက်ဝိုင်းအပြင်ခေါ်ထုတ်ပြီး ကျောက်စိမ်းအပွင့်လွတ် ၂ ပွင့်၊ ကျောက်စိမ်းလည်ဆွဲနဲ့ ဆွဲကြိုး ၃ ကုံး၊ လက်စွပ် ၂ ကွင်းနဲ့ နားကပ်တစုံတို့ကို လုယက်ယူဆောင်သွားတာဖြစ်ပြီး ကာလတန်ဖိုးသိန်း ၅၀၀ ကျော် တန်ဖိုး ရှိတယ်လို့ သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “အဲဒါဖြစ်ပြီးကတည်းက မြို့ထဲမှာ လုံခြုံရေးတွေ အပြည့်ပဲ၊ စစ်ကြဆေးကြလုပ်နေတာ၊ မိတယ်လို့တော့ မကြားသေးဘူး" လို့ DVB ကို ပြောပါတယ်။
အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး နယ်မြေရဲစခန်းမှာ လက်ရှိ အမှုဖွင့်လှစ်ထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Photo: DVB











