
စစ်အာဏာရှင်အတွက် ရှေ့တန်းမှာ အသက်စွန့် စစ်တိုက်ရင်း သေဆုံးသွားတဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေကို လိုင်းခန်းတွေကနေ အတင်းအကျပ် မောင်းထုတ်နေတာတွေ ရှိတယ်လို့ တပ်တွင်းကနေ စုံစမ်းသိရပါတယ်။
စစ်တိုက်ရင်း သေဆုံးသွားတဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေကို ပင်စင်ခံစားခွင့် မပေးတဲ့အပြင် လိုင်းခန်းကနေ အတင်းအကျပ် ဖယ်ခိုင်းတယ်လို့ ဆိုပါတယ်။
တကယ်လို့ လိုင်းခန်းမှာ ဆက်လက်နေထိုင်လိုပါက ကျန်ရစ်ခဲ့တဲ့ သားသမီးတွေက စစ်တပ်ထဲဝင်မှသာ နေခွင့်ပြုမယ်လို့ သိရပါတယ်။
စစ်သားမိန်းမတယောက်က “ယောက်ျားက ရခိုင်မှာ ကျသွားတာ၊ အလောင်းတောင် ပြန်မရဘူး ပြောတယ်။ သေသွားတယ်ဆိုရင် ခံစားခွင့်အနေနဲ့ ပင်စင်ပေးရတယ်။ အဲဒါလည်း မပေးဘူး။ မပေးတဲ့အပြင် လိုင်းခန်းကနေပါ ဖယ်တယ်။ အခု အတင်းဖယ်ခိုင်းတယ်။ သတ်မှတ်ရက်အတွင်း မဆင်းရင် ဖယ်ချမယ်ပေါ့ဆိုပြီး ပြောတယ်” လို့ ပြောပါတယ်။
ယောက်ျားဖြစ်သူတွေက ရှေ့တန်းရောက်နေချိန် မိန်းမဖြစ်သူတွေက တပ်ထဲမှာ ဗဟိုကင်း စောင့်ရတယ်လို့ သိရပါတယ်။
နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။
စစ်ရှုံးနေတဲ့ စစ်တပ်ဟာ တပ်သားလိုအပ်ချက် အများအပြား ရှိနေတဲ့အတွက် အတင်းအဓမ္မ ပေါ်တာဆွဲတာတွေ ပြုလုပ်လာပါတယ်။










