၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ နာမည်ကြီး စပိန်အသင်းက ဩစတြီးယားကို (၃-၀) ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး နောက်တဆင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၂ ရက် ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ စပိန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ မီခေးလ် အိုယာဇာဘယ်လ်က ခြေစွမ်းပြပြီး ၃၆ မိနစ်မှာ တဂိုး၊ ၈၉ မိနစ်မှာ တဂိုး ၂ ဂိုးသွင်းပေးခဲ့သလို ပတ်ဒရို ပေါ်ရိုက ၆၆ မိနစ်မှာ အနီးကပ် ခေါင်းတိုက်ဂိုး တဂိုးသွင်းပေးခဲ့တာပါ။
နည်းပြ လူးဝစ် ဒီလာဖွန်တေးဦးဆောင်တဲ့ စပိန်အသင်းဟာ အုပ်စုအဆင့်မှာ ကိတ်ဗာဒီ အသင်းနဲ့ သရေကျခဲ့ပြီး အားမရစရာဖြစ်ခဲ့ပေမဲ့ ပေးဂိုး တဂိုးမှ မပေးရသေးတဲ့အပြင်၊ တရားဝင် နိုင်ငံတကာပြိုင်ပွဲတွေမှာ မိနစ် ၉၀ အတွင်း ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့ ပါတယ်။
ပွဲအစပိုင်းမှာ မာ့ခ် ကူကူရီလာရဲ့ သွင်းဂိုးမှာ ဂိုးသမားအပေါ် ပြစ်ဒဏ်ဘောကျူးလွန်တယ်ဆိုပြီး အငြင်းပွားဖွယ်ရာ ပယ်ဖျက်ခံခဲ့ရလို့ စပိန်အသင်း ၁ ဂိုး နစ်နာခဲ့ရပါတယ်။
ဩစတြီးယားနည်းပြ ရာ့ဖ်ရက်ဂ်နစ်ကလည်း အယ်လ်ဂျီးရီးယားအသင်းနဲ့ ပွဲတုန်းက နာကျင်အချိန်ပိုမှာ ကယ်တင်ရှင်ဖြစ်ခဲ့တဲ့ အရပ်မြင့်တိုက်စစ်မှူး ဆာဆာ ကာလတ်ဂျ်ဇစ်ကို လူစားလဲထည့်သွင်းကစားခဲ့ပြီး မိနစ်ပိုင်းအကြာမှာ ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမဲ့ ခေါင်းတိုက်ချက်မှာ ဂိုးဘားပေါ်ကျော်သွားခဲ့လို့ ဂိုးမရခဲ့ပါဘူး။
စပိန်အသင်းနည်းပြချုပ် လူးဝစ် ဒီလာဖွန်တေးကတော့ အသင်းအနေနဲ့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ်လို့ ပြောပါတယ်။
"အထူးသဖြင့် ဒီလို ရှုံးထွက်အဆင့်မှာ ဒါဟာ အရေးကြီးတဲ့ ပွဲစဉ်တစ်ခုဖြစ်မှန်း ကျနော်တို့ သိထားပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေကို စိတ်ထဲမှာ မှတ်ထားပြီး ကဏ္ဍတိုင်းမှာ ကျနော်တို့ဟာ ပြီးပြည့်စုံလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့တိုးတက်ဖို့ လိုအပ်နေသေးတဲ့ အသေးအဖွဲအရာတွေ ရှိပါသေးတယ်။ ကျနော်တို့ အမြဲတမ်း ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ပွဲတိုင်းကတော့ ပြီးခဲ့တဲ့ပွဲထက် ပိုခက်ခဲလာမှာပါ။ ကျနော်တို့ ဒီလို စိတ်ဓာတ်မျိုး ဆက်ထိန်းထားဖို့ လိုပါတယ်။”
ဥရောပချန်ပီယံ စပိန်အသင်းဟာ ၁၆ သင်းအဆင့်ကို သက်သောင့်သက်သာ တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ၁၆ သင်းအဆင့်မှာတော့ ပေါ်တူဂီ ဒါမှမဟုတ် ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
စပိန်အသင်း ဂိုးသွင်းအများဆုံးကစားသမား မီခေလ် အိုယာဇာဘယ်လ်က "အသင်းကို ကူညီခွင့်ရပြီး နောက်တဆင့် တက်လှမ်းနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ အခု ကျနော်တို့ အနားယူဖို့ လိုပါတယ်။ သူတို့က ကြံ့ခိုင်မှုကောင်းပြီး ကစားရခက်တဲ့ အသင်းတသင်းဖြစ်ပေမဲ့ ကျနော်တို့ ပွဲကောင်းတပွဲ ကစားနိုင်ခဲ့ပါတယ်။ နောက်တဆင့်တက်ခွင့်ရလို့ ပျော်ပါတယ်။ နောက်တဆင့်မှာ ဘယ်သူနဲ့ပဲ ရင်ဆိုင်ရရင်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး အသင်း၂ သင်းစလုံးမှာ ကျနော့် သူငယ်ချင်းတွေ ရှိနေလို့ပါပဲ”လို့ ပြောပါတယ်။
စပိန်အသင်းဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Source: SkySports/ BBC










