
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့ မီလျံနာရွှေဆိုင်ကို ဓားပြတိုက်သွားတဲ့ အမျိုးသား ၆ ယောက်ကို ရဲတွေက တိုက်ရာပါ ရွှေထည်ပစ္စည်းတွေနဲ့ ဖမ်းမိထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၂၀ ရက် ညပိုင်းက ဓားပြတိုက်ရာမှာ ပါဝင်သူတယောက်ကို ချမ်းအေးသာစံမြို့နယ်မှာ ဖမ်းမိပြီးနောက် ကျန်လူတွေကို အမရပူရ၊ ချမ်းမြသာစည်၊ အောင်မြေသာစံနဲ့ ပဲခူးမြို့တို့မှာ ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“၆ ယောက်ထဲမှာ ၅ ယောက်ကို မန္တလေးမှာမိတယ်၊ တယောက်ကို ပဲခူးမှာမိတယ်။ ရွှေတွေက သူတို့ အရည်ပြန်ကြိုထားတော့ အတုံးတွေပဲမိတယ်။ စခန်းက ပုဒ်မ ၃၉၆ နဲ့ အမှုဖွင့်ထားတယ်။ တသက်တကျွန်း မဟုတ်ရင် ထောင် ၁၀ နှစ် ကျမှာပေါ့။”
ဖမ်းဆီးခံရတဲ့ အမျိုးသား ၆ ယောက်ဟာ ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီက မီလျှံနာရွှေဆိုင်ကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ မှန်ကောင်တာတွေခွဲပြီး ရွှေ ၁ ပိဿာနီးပါး လုယူသွားခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ထက်ဝေကျော်၊ ရှိုင်းကို၊ အောင်ကျော်ဇော၊ ကောင်းခန့်ကျော်နဲ့ ကျော်စိုးဝင်း၊ သိန်းမြင့် တို့ကို အမှတ် ၁၁ နယ်မြေရဲစခန်းက ပုဒ်မ ၃၉၅ နဲ့ အမှုဖွင့်ထားပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်မှာ နေအိမ်ကနေ မြို့ထဲကို ရွှေဆိုင်ဖွင့်ဖို့ထွက်လာတဲ့ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို အမည်မသိ အမျိုးသား ၇ ယောက်က သေနတ်နဲ့ခြိမ်းခြောက်ပြီး ရွှေ ၁ ပိဿာနဲ့ ငွေကျပ် သိန်း ၁,၀၀၀ လုယူခဲ့ပါတယ်။











