
ပြီးခဲ့တဲ့ မတ် ၁၈ ရက်ညနှောင်းပိုင်းက အစ္စရေးကို အီရန်ရဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးရောက် ထိုင်းစိုက်ပျိုးရေး အလုပ်သမားတယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ပန်နိဒုံးပက်ချင်ဆဝပ်က အစ္စရေးမြို့တော် တဲလ်အဗစ်က ထိုင်းသံရုံး အစီရင်ခံချက်ကို ကိုးကားပြီး အတည်ပြု ပြောကြားလိုက်တာပါ။
ဒေသတွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အီရန်ရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုဟာ တဲလ်အဗစ်မြို့မြောက်ဘက်က ရှာရွန်ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုလိုဆုံးရှုံးမှုအတွက် သံရုံးက သေဆုံးသူ မိသားစုဆီ အကြောင်းကြားထားပြီးဖြစ်သလို ထိုင်းအစိုးရအနေနဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်း၊ အစ္စရေးအစိုးရဆီက အပြည့်အဝ နစ်နာကြေးရရှိနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လည်း သူက ပြောပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသ အန္တရာယ်ရှိ ဒေသတွေမှာ ရောက်ရှိနေကြတဲ့ ထိုင်းနိုင်ငံသားတွေ ကိုလည်း အမြန်ဆုံးထွက်ခွာကြဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
“အရှေ့အလယ်ပိုင်း အခြေအနေဟာ ဆက်လက်ပြင်းထန်နေပြီး တိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ် တွေကနေ အခြေခံအဆောက်အအုံတွေဆီကိုပါ ကူးစက်ပျံ့နှံ့ လာနေပါတယ်။”
သေဆုံးသူ ထိုင်းနိုင်ငံသား စိုက်ပျိုးရေးအလုပ်သမားရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။
လက်ရှိအချိန်အထိ အရှေ့အလယ်ပိုင်းကနေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းလာသူ ထိုင်းနိုင်ငံသား ၁,၁၇၃ ယောက်ကို နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ကလည်း ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ အရင်းအမြစ်တခုအပါအဝင် အီရန်နိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေပြီး အီရန်က လည်း ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ကာတာနိုင်ငံတွေက စွမ်းအင်အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်နေတာပါ။
“ဒါဟာ ကမ္ဘာ့စီးပွားရေးနဲ့ ကမ္ဘာ့ရေနံစျေးနှုန်းတွေကို သက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။”
အရှေ့အလယ်ပိုင်း ပဋိပက္ခပြင်းထန်လာမှုကြောင့် အဆိုပါဒေသတွေအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်ခေါ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလဆန်းတုန်းက ပြောထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆပ်ဖုန်ကစ်ကယောက်က အရှေ့အလယ်ပိုင်းပဋိပက္ခက နျူကလီးယားစခန်းတွေကို အကန့်အသတ်နဲ့ တိုက်ခိုက်တဲ့အဆင့်ထက် ကျော်လွန်သွားပြီဖြစ်ပြီး “ရေရှည်” ပဋိပက္ခဖြစ်လာနိုင်ကြောင်း သတိပေးပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အန္တရာယ်ရှိဇုန်အတွင်းရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေ အနေနဲ့ ရေနဲ့ အစားအစာခြောက်တွေကို အလုံအလောက် စုဆောင်းထားဖို့ တိုက်တွန်းထားသလို နောက်ထပ် အကြောင်းမကြားမချင်း အရှေ့အလယ်ပိုင်းဒေသတွေဆီ ခရီးသွားခြင်းကို ရှောင်ကြဉ် ကြဖို့ သတိပေးချက် ထုတ်ပြန်ထားခဲ့ပါတယ်။
Source: The Nation Thailand











