
မြေထဲပင်လယ်ဒေသက ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေဟာ လက်ဘနွန်မှာ အပစ်အခတ် ချက်ချင်းရပ်ဖို့ ဧပြီ ၉ ရက်က ခရိုအေးရှားနိုင်ငံ၊ စပလစ်မြို့မှာလုပ်တဲ့ အစည်းအဝေးမှာ တောင်းဆိုခဲ့ကြပါတယ်။
မြေထဲပင်လယ်ဒေသက ဥရောပသမဂ္ဂအဖွဲ့ဝင် ၉ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ MED9 အဖွဲ့ဟာ လက်ဘနွန်ကို အစ္စရေးရဲ့ နောက်ဆုံးတိုက်ခိုက်မှုတွေ အပါအဝင် အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ကြတာပါ။
ဥရောပကော်မရှင်ရဲ့ မြေထဲပင်လယ်ဒေသဆိုင်ရာ ကော်မရှင်နာ ဒူဘရာ့ဗ်ကာ ဆွီးချားက လက်ဘနွန်နဲ့ အစ္စရေးကြားမှာ သီးခြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခု လိုအပ်တယ်လို့ ပြောပါတယ်။
“အီရန်နဲ့ အမေရိကန်ကြားက သဘောတူညီချက်ထဲမှာ လက်ဘနွန် အပစ်အခတ်ရပ်စဲရေးက မပါဘူးလို့ ကြားနေရတာကြောင့် ကျမတို့က လက်ဘနွန်နဲ့ အစ္စရေးကြား သီးခြားသဘောတူညီချက်တခုကို တောင်းဆိုနေတာပါ” လို့ ပြောဆိုပါတယ်။
အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာ့ယာနီက အစ္စရေးနဲ့ လက်ဘနွန်ကြားမှာ တိုက်ရိုက်ဆွေးနွေးပွဲတွေ လုပ်မဲ့အစီအစဉ်ရှိပြီး အဲဒါက အမေရိကန်ပြည်ထောင်စုမှာ ဖြစ်နိုင်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက သူ့ကို ပြောထားတယ်လို့ ဆိုပါတယ်။
စလိုဗေးနီးယား နိုင်ငံခြားရေးဝန်ကြီး တာညား ဖှာယွန် ကတော့ လက်ဘနွန်၊ အီရန်၊ ဂါဇာနဲ့ အနောက်ဘက်ကမ်း အပါအဝင် အရှေ့အလယ်ပိုင်းဒေသတွေမှာပါ အကြမ်းဖက်မှုတွေအားလုံး အခုချက်ချင်း အဆုံးသတ်ဖို့ တိုက်တွန်းသွားပါတယ်။
ဒါ့အပြင် MED9 ဝန်ကြီးတွေဟာ NATO အတွက် ပံ့ပိုးမှုကို ဆက်ပြီး ထောက်ခံသွားမဲ့အပြင် ဥရောပ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့လည်း ဆွေးနွေးခဲ့ကြပြီး ဥရောပအနေနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ ကိုယ်ပိုင်စွမ်းရည်ကို တည်ဆောက်ဖို့ အရေးကြီးတယ်လို့ အီးယူ မြေထဲပင်လယ် ကော်မရှင်နာ ဆွီးချားက အလေးပေး ပြောကြားခဲ့ပါတယ်။











