
မြန်မာနိုင်ငံက ရေဘေးသင့်ဒေသတွေထဲကတခုဖြစ်တဲ့ ဧရာဝတီတိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း နန်းခရိုင်က ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ ‘Art for Hope’ ဆိုတဲ့ ရန်ပုံငွေ အနုပညာပြပွဲတခုကို ဩဂုတ် ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ ဝိမုတ္တိအနုပညာဥယျာဉ်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။
ဩဂုတ် ၂၉ ရက်နေ့အထိ ကျင်းပသွားမဲ့ ဒီ ရန်ပုံငွေအနုပညာပြပွဲမှာ ပန်းချီကားတွေ၊ ကယ်ရီကေးချားရေးဆွဲမှုတွေ၊ ပွဲမှာတင် ပန်းချီကားတွေကို လက်တန်းရေးဆွဲတဲ့ အစီအစဉ်တွေနဲ့အတူ ဂီတဖျော်ဖြေမှု စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။
အနုပညာပြပွဲကို ချင်းမိုင်မြို့မှာရှိတဲ့ Memories of Chiang Mai မှာ ဖွင့်လှစ်ထားတဲ့ ဝိမုတ္တိအနုပညာဥယျာဉ်နဲ့ အနုပညာရှင်တွေ ပူးပေါင်းစီစဉ်တာဖြစ်ပြီး ပန်းချီကားရောင်းရငွေနဲ့ အလှူငွေတွေအားလုံးကို Irrawaddy Delta People’s Network (IDPN) အပါအဝင် မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေဆီ တိုက်ရိုက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ နန်းခရိုင်က မြို့နယ် ၄ ခုမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။
မြန်မာနိုင်ငံမှာလည်း ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာ ကျိုးပေါက်လို့ စိုက်ပျိုးဧက ၄၀,၀၀၀ နီးပါး ရေနစ်မြုပ်ခဲ့ပြီး ကျေးရွာ ၁၃၈ ရွာက ပြည်သူတွေ ရေဘေးသင့်ခဲ့ရပြီး ဟင်္သာတ၊ ကျုံပျော်နဲ့ ရေကြည်မြို့နယ်မှာပါ ရေကြီးရေလျှံနေပါတယ်။
ရန်ပုံငွေ အနုပညာပြပွဲ ဦးဆောင်သူတွေထဲက တဦးဖြစ်တဲ့ ကိုစိုးရက “ကျိန်းသေတာက ဒါက တာကျိုးတာဖြစ်တဲ့အတွက် အဲဒီ တာကျိုးပေါက် မပိတ်မနိုင်မချင်း ဒီဇင်ဘာလအထိ ဒီရေတွေက ရောက်သွားနိုင်တယ်။ ပြီးခဲ့တဲ့ကာလ စိုက်ပျိုးထားခဲ့တဲ့ လယ်ဧက ၄ သောင်းနီးပါးလောက် ဒါ အခု ရေမြုပ်ပြီး ပျက်စီးသွားပြီ။ တိုင်းအစိုးရက ၁၅ ရက်လောက် ပြန်ကျရင် ဒီစပါးတွေက ဘာမှ မဖြစ်နိုင်ဘူးလို့ ပြောပေမဲ့ အခု ၂၂ ရက် ဖြစ်နေပြီ။ ၂၂ ရက် ဖြစ်နေပြီဆိုတော့ ဒီအောက်မှာ ရှိတဲ့ စပါးတွေက ဘယ်လိုမှ မရှင်နိုင်တော့ဘူး။ အထက်အညာတို့ ဘာတို့မှာ စပါးတွေ သိပ်ပြီးတော့ ပြည့်ဝအောင် မစိုက်နိုင်တဲ့အချိန်မှာ တနိုင်ငံလုံးရဲ့ ဆန်က ဧရာဝတီတိုင်းကပဲ မှီခိုနေရတာ။ အဲဒီအထဲမှာမှ ဒီ ဟင်္သာတခရိုင်ဆိုတာ ဆန်ဧက တော်တော်များတဲ့နေရာလေ။ အဲဒီ သက်ရောက်မှုက ဆန်ဈေးတွေ ပိုတက်လာနိုင်တယ်။ တနိုင်ငံလုံးရဲ့ စားဝတ်နေရေး၊ ဥပမာ အခု ငါးကန်တွေဆို ပျက်စီးတယ်။ ဆိုတော့ ဒီ ဧရာဝတီတိုင်းရဲ့ စပါးကျီမှာ ဒီလိုမျိုး ဖြစ်တာက တနိုင်ငံလုံးကိုလည်း တော်တော် သက်ရောက်မှုကြီးတယ်” လို့ ပြောပါတယ်။
ပြည်ပရောက် မြန်မာအသိုက်အဝန်းအနေနဲ့ ဒီလှူဒါန်းမှုမှာ ပါဝင်ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။
“ဒီတပတ် ကျနော်တို့ အချိန်ရှိသေးတယ်။ ဒီကာလအတွင်းမှာ MOC ကို လာရင်း၊ စားရင်း သောက်ရင်းနဲ့လည်း ဒီကဗျာတွေ၊ အနုပညာတွေ၊ ဂီတတွေ ခံစားရင်းနဲ့ ရေဘေးကို ဝိုင်းပြီးတော့ လှူလို့ရပါတယ်” လို့လည်း ဖိတ်ခေါ်ပါတယ်။
ရန်ပုံငွေ အနုပညာပြပွဲက ပန်းချီလက်တန်းရေးဆွဲမှု အစီအစဉ်မှာ ပါဝင်တဲ့ အနုပညာရှင် Lisa Fanfani က “အနုပညာဆိုတာ အမြဲတမ်း သတင်းစကားတခုပေးဖို့ အကောင်းဆုံး Tool တခုပါပဲ။ ထိရောက်တဲ့ အနုပညာလက်ရာတခုကို မြင်လိုက်ရတာနဲ့ မက်ဆေ့ချ်ကို ချက်ချင်းရရှိပြီး အမြင်နဲ့တင် စာနာနားလည်မှု ပေးနိုင်ပါတယ်။ ကျမတို့ ရန်ဖြစ်မနေဘဲ အားလုံး စည်းလုံးညီညွတ်စွာနဲ့ ကူညီကြရမှာပါ။ အားလုံး ပေါင်းစည်းလိုက်ရင် အပြောင်းအလဲ အမှန်တကယ် ဖြစ်လာမှာပါ” လို့ ပြောပါတယ်။
ငဝန်တာကျိုးပေါက်တာ အခုဆိုရင် ၃ ပတ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး ရေဘေးသင့်နေတဲ့ နေရာတော်တော်များများမှာ ပရဟိတအဖွဲ့တွေကပဲ အကူအညီပေးနေတာဖြစ်သလို ရေက တဖြည်းဖြည်းဆက်တက်နေပြီး လုံလောက်တဲ့ စီမံခန့်ခွဲမှုတွေမရှိလို့ ဒေသခံတွေဟာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။











