DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် အွန်လိုင်းစနစ်ဖြင့် စေတနာ့ဝန်ထမ်းစစ်သားဦးရေ ၂၅,၀၀၀ ခေါ်ယူမည်
DVB
·
June 30, 2026
 Photo: Royal Thai Army
Photo: Royal Thai Army
Donate to DVB

ထိုင်းနိုင်ငံမှာ အွန်လိုင်းစနစ်ကနေတဆင့် စေတနာ့ဝန်ထမ်းစစ်သားဦးရေ  ၂၅,၀၀၀ ထိ ခေါ်ယူသွားဖို့ ရှိနေတဲ့အကြောင်း Khaosod သတင်းမှာ ဇွန် ၂၉ ရက်က ဖော်ပြပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာနဟာ ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လျာထားချက်အောက်က စေတနာ့ဝန်ထမ်းစစ်သည် အစီအစဉ်အတွက် ဘတ်ဂျက်ငွေ ဘတ် ၁ ဒသမ ၄၅၅ ဘီလီယံ လျာထားတာဖြစ်ကာ အဆိုပါ ဘတ်ဂျက်အဆိုပြုချက်ကို ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ထိုင်းအောက်လွှတ်တော်မှာ ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိနေတာပါ။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုဘတ်ဂျက်ရန်ပုံငွေဟာ အစိုးရရဲ့ မူဝါဒတွေနဲ့ အရင်က ထုတ်ပြန်ထားခဲ့တဲ့ ကာကွယ်ရေးအင်အားစုဆိုင်ရာ စီမံကိန်းတွေနဲ့အညီ “စေတနာ့ဝန်ထမ်းစစ်သည် (၁၀ နှစ်သက်တမ်းတိုး)” အစီအစဉ်ကို ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။

ခေါ်ယူမဲ့ ရာထူးနေရာ ၂၅,၀၀၀ ကိုတော့ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးအလိုက် ထိုင်းတော်ဝင်ကြည်းတပ်အတွက် ၁၈,၇၈၄ နေရာ၊ ထိုင်းတော်ဝင်ရေတပ်အတွက် ၃,၄၉၆ နေရာ၊ ထိုင်းတော်ဝင်လေတပ်အတွက် ၂,၁၇၄ နေရာ၊ ထိုင်းတော်ဝင် လက်နက်ကိုင်တပ်ဖွဲ့ဌာနချုပ်အတွက် နေရာ ၃၀၀ နဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ရုံးအတွက် ၂၄၆ နေရာဆိုပြီး တာဝန်ချထားမှာဖြစ်ကာ ဒီဘတ်ဂျက်ဟာ ဝန်ကြီးဌာနရဲ့ ပြည်သူ့ကဏ္ဍ ဝန်ထမ်းအသုံးစရိတ် စီမံကိန်းအောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးကောင်စီအစည်းအဝေးမှာတော့ အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ ပံ့ပိုးပေးမဲ့ ယာယီစစ်မှုထမ်းတွေရဲ့ စစ်မှုထမ်းကာလ၊ လစာ၊ ခံစားခွင့်တွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ ဝိနည်းပိုင်းဆိုင်ရာ အစီအမံတွေပါဝင်တဲ့ ဝန်ကြီးဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းမူကြမ်းကို အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဒီစီမံကိန်းအရ လူသစ်စုဆောင်းမှုကို အွန်လိုင်းကနေတဆင့် လုပ်ဆောင်သွားမှာဖြစ်ကာ ၂၀၂၆ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း ကာလမှာ တနှစ်ကို စေတနာ့ဝန်ထမ်း ၂၅,၀၀၀ စုဆောင်းသွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အဆိုပါ အစီအစဉ်ကို ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ဖို့နဲ့ ဘတ်ဂျက်ဆိုင်ရာ အစီအစဉ်တွေကို အပြီးသတ်နိုင်ဖို့အတွက်၊ လာမဲ့ ဇူလိုင် ၆ ရက်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာနဟာ စာရင်းစစ်ချုပ်ဦးစီးဌာနနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013