
ရန်ကုန်မြို့မှာ နှစ်ရှည်အသုံးပြုလာတဲ့ ဝိုင်ဖိုင် ဆက်သွယ်ရေးကြိုးတွေကို မြို့နယ်အလိုက် လျှပ်စစ်နဲ့ စည်ပင်ဌာနက စီမံချက်နဲ့ ဖယ်ရှား ဖြတ်တောက်တာတွေ လုပ်နေတာကြောင့် မြို့နယ်တချို့မှာ ဝိုင်ဖိုင်အင်တာနက် အသုံးပြုမရ ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။
လျှပ်စစ်နဲ့ စည်ပင်ဌာနတွေဟာ ဝိုင်ဖိုင်ကြိုးတွေ ဖြတ်တောက်ရာမှာ သက်ဆိုင်ရာ အင်တာနက်ကုမ္ပဏီတွေကို ကြိုတင်အကြောင်းမကြားဘဲ လုပ်ဆောင်နေတာလို့ အင်တာနက် အသုံးပြုသူတွေက ပြောပါတယ်။
ရန်ကုန်မြို့တွင်း၊ လသာမြို့နယ်မှာ နေထိုင်သူတယောက်က “ဝိုင်ဖိုင်လိုင်းတွေ မမိတော့လို့ လိုင်းပြတ်တယ်ပဲ ထင်နေတာ။ စည်ပင်က ကတ်တာ(ဖြတ်စက်)တွေနဲ့ ကြိုးတွေကို အစည်းလိုက် ဖြတ်ချနေတာ။ ကုမ္ပဏီတွေကတော့ ဘယ်အချိန်မှ ကြိုးတွေ ပြန်တပ်ပေးမယ် မသိဘူး။ အခုလက်ရှိတော့ ဖုန်းအင်တာနက်နဲ့ပဲ ဘေလ်ဝယ်ပြီး သုံးနေရတာပေါ့” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံက ဖုန်းဆက်သွယ်ရေး အော်ပရေတာတွေဟာ ဒေတာဈေးတွေ တိုးမြှင့်ကောက်ခံလာတာကြောင့် မြို့ကြီးတွေမှာ ဝိုင်ဖိုင်အင်တာနက် အသုံးပြုမှု ပိုများလာတာလို့ အင်တာနက် အသုံးပြုသူတွေက ပြောပါတယ်။
နောက်ထပ် ရန်ကုန်မြို့ထဲမှာ နေထိုင်သူတယောက်က “ကြိုးတွေဖြတ်ခံရလို့ ဝိုင်ဖိုင်တွေ လိုင်းပြတ်သွားတော့ ဘယ်အချိန် ပြန်အဆင်ပြေမလဲဆိုတာ သူတို့ ကောစင်တာတွေကို ဖုန်းဆက်မေးတယ်။ သူတို့လည်း လျှပ်စစ်နဲ့ ညှိနှိုင်းနေတုန်းမို့ မကြာခင် ပြန်အဆင်ပြေမယ် ပြောတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ အင်တာနက်ကြိုးတွေ လာမတပ်သေးဘူး။ မနေ့ကလည်း အနော်ရထာလမ်းပေါ် (၁၈) လမ်းလောက်ကနေ စပြီး တောက်လျှောက် ကြိုးတွေ ဖြတ်ချသွားတာ၊ ဝိုင်ဖိုင်က အခုထိမရဘူး” လို့ ပြောပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနက သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ ဓာတ်တိုင်တွေမှာ ချိတ်ဆက် သွယ်တန်းထားတဲ့ အင်တာနက်ကြိုးတွေကို ဖယ်ရှားမယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ၂၀၂၁ တုန်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။










