
ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ သားငယ် ကင်မ်အဲရစ်နဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေဟာ ကင်ဘာရာမြို့ရှိ ဩစတြေးလျ ပါလီမန်ရှေ့နဲ့ စစ်အာဏာရှင် သံရုံးရှေ့တွေမှာ ဇွန် ၄ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
မြန်မာပြည်က စစ်အာဏာရှင်တွေရဲ့ မတရားဖမ်းဆီး အကျဉ်းချတာ ခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ "Proof of Life" (သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြရေး) ကမ်ပိန်းအတွက် ဆန္ဒပြခဲ့ကြတာပါ။
ဒီပွဲမှာ လန်ဒန်ကနေ လာရောက်တဲ့ ကင်မ်အဲရစ်က သူ့မိခင် သက်ရှိထင်ရှား ရှိနေသေးကြောင်း ပြသပေးဖို့နဲ့ စစ်အာဏာရှင်တွေရဲ့ မတရား ဖမ်းဆီး အကျဉ်းချတာ ခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကင်မ်အဲရစ်ဟာ ဩစတြေးလျရောက် မြန်မာတွေနဲ့အတူ "Proof of Life" ကမ်ပိန်း ဆန္ဒပြရင်း ဩစတြေးလျအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ပါလီမန်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့အတွက် အကူအညီ တောင်းခဲ့တယ်လို့ သိရပါတယ်။
ဒီပွဲမှာ စာရေးဆရာမ ဒေါက်တာ မသီတာ (စမ်းချောင်း) ကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ အကျဉ်းသားအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့အကြောင်း ပြောကြားသွားပါတယ်။
ဒါ့အပြင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း ကလည်း သားတယောက်က မိခင်တယောက်အပေါ်မှာ ထားတဲ့ မေတ္တာတရားကို လေးစားကြောင်းနဲ့ အားလုံး လွတ်မြောက်ဖို့အတွက် ဝိုင်းဝန်းကြိုးစားကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။
ဆန္ဒပြသူတွေဟာ ဩစတြေးလျ အစိုးရရုံးစိုက်ရာ ပါလီမန် အဆောက်အအုံရှေ့မှာ ဆန္ဒပြပြီးတဲ့နောက် စစ်အာဏာရှင်သံရုံးရှေ့မှာလည်း အချိန်အတော်ကြာအောင် သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ကင်မ်အဲရစ်က ဒါဟာ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ကိစ္စဖြစ်တဲ့အတွက် ဩစတြေးလျပါလီမန်အနေနဲ့ ပူးပေါင်းပါဝင်ပေးနိုင်ဖို့ မြန်မာတွေ လက်မှတ်ထိုးပြီး ပို့ပေးဖို့ကိုလည်း ပါလီမန်အမတ်တယောက်က ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။
ကင်မ်အဲရစ် ဩစတြေးလျနိုင်ငံကို လာရောက်ဖို့နဲ့ ဩစတြေးလျ အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့တွေကိုတော့ Burma Campaign Network အဖွဲ့နဲ့ Amnesty International အဖွဲ့တို့က စီစဉ်ပေးတာ ဖြစ်ပါတယ်။
ဒီတောင်းဆိုပွဲကိုတော့ မဲလ်ဘုန်း၊ ကွင်းစလန်း၊ ဆစ်ဒနီ၊ ကန်ဘာရာနဲ့ တခြားမြို့တွေက မြန်မာအသိုက်အဝန်းတွေ စုစုပေါင်း အယောက် ၃၀၀ လောက် တက်ရောက်ခဲ့ကြပြီး ဇွန် ၆ ရက်မှာလည်း ဆစ်ဒနီက မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
မင်းညို










