
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ Total၊ Energies၊ Chevron နဲ့ Telenor တို့လို နိုင်ငံတကာကုမ္ပဏီကြီးတွေဟာ အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ကြသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း လျော့ကျလာနေပါတယ်။
ကုမ္ပဏီကြီးတွေ ဒီလို ထွက်ခွာသွားကြတဲ့အတွက် မြန်မာ့လူသားအရင်းအမြစ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ အကြီးအကျယ် ထိခိုက်နေပါတယ်။
နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်မှုရှိခဲ့တဲ့ စစ်အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏဟာ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇ ဘီလီယံရှိခဲ့ပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်အတွင်းမှာတော့ ကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံပဲ ရှိတော့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ၇၄ ရာခိုင်းနှုန်းကျသွားတာပါ။
၂၀၁၅ ခုနှစ်နောက်ပိုင်း တက်လာခဲ့တဲ့ ပြည်သူတွေ ရွေးကောက် တင်မြှောက်ခဲ့တဲ့ NLD အစိုးရ လက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တော်တော်များများ ဝင်ရောက်လာခဲ့ကြပြီး ဒီလို ဝင်ရောက်လာတာဟာ စောင့်ကြည့်မှုတွေ များစွာလုပ်ပြီးမှ ဝင်ရောက်လာခဲ့တာလို့ MICS အလုပ်သမားအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။
“ကျနော်တို့ ဒီ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြောင်းအလဲ ဖြစ်တော့တောင်မှ ဒီ ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်ခဲ့တာပေါ့။ အဲ့တော့ ဒီ ၂၀၁၃ မှာ ကျနော်တို့ ILO မှာ သွားပြီးတော့ပေါ့နော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တာတောင်မှ စီးပွားရေးလုပ်ငန်းရှင်တွေက တန်းပြီးတော့မှ ဝင်လာတာ မဟုတ်ဘူး။ ဝင်မလာဘဲနဲ့ ကျနော်တို့ ဒီနိုင်ငံက အမှန်တကယ် အပြောင်းအလဲ လုပ်တာရော ဟုတ်ရဲ့လား ဆိုတာကို စောင့်ကြည့်ခဲ့ကြတာ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်။ နောက် ဒီ ၂၀၁၅ ရွေးကောက်ပွဲ နိုင်ပြီးတော့မှ အစိုးရဖြစ်တဲ့ နောက်ပိုင်းမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံကို နည်းနည်း ဟို မျက်စိကျလာတာပေါ့နော်။ မျက်စိကျလာပြီးတော့မှ တချို့တွေ ဆိုလို့ရှိရင် မြေစမ်းခရမ်းပျိုးတဲ့ အနေနဲ့ ဝင်လာပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်တာတွေ ကျနော်တို့ တွေ့တယ်ပေါ့။ ဒါပေမဲ့ ဒီ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာကျတော့ အားလုံးက သဲထဲရေသွန် ဖြစ်သွားတယ်။”
ISP Myanmar ရဲ့ ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ ၂၀၂၁ အာဏာသိမ်းပြီးနောက် ထွက်ခွာ၊ ပိတ်သိမ်း၊ ရပ်နားထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ ၂၅ ခုထက်မနည်း ရှိနေပါတယ်။
ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာပြီး အနာဂတ်ကို ခန့်မှန်းပေးတဲ့ သုတေသန အဖွဲ့အစည်းတခု ဖြစ်တဲ့ Economist Intelligence Unit ရဲ့ ဧပြီလက ထွက်ရှိထားတဲ့ အစီရင်ခံစာမှာလည်း အာဏာသိမ်းပြီးနောက် အဓိက ရင်းနှီးမြှုပ်နှံမှုအဖြစ် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဖြစ်ပြီး စိုက်ပျိုးရေး၊ သတ္တုတွင်းနဲ့ သဘာဝဓာတ်ငွေ့လိုမျိုး အရင်းအမြစ်တွေမှာ အာရုံစိုက်ထားတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်က မြန်မာ့စီးပွားရေးကို အာရှကျားတကောင် ဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိဘဲနဲ့တော့ ဖြစ်နိုင်စရာအကြောင်း မရှိတော့ဘူးလို့ ဆိုပါတယ်။ အဲဒါထက် ပိုဆိုးတာက မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အဆိုးဆုံး အမျိုးအစားတွေ ဖြစ်နေတာလို့လည်း ဆိုပါတယ်။
ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်က “အဓိကကတော့ သယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းတွေပေါ့။ အထူးသဖြင့် တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီတွေက သယံဇာတတွေကိုပဲ အငမ်းမရ ထုတ်ယူနေကြတာပါ။ ဒါက တကယ့်ကို ပျက်စီးစေတဲ့ လုပ်ရပ်တွေပါပဲ” လို့ DVB ကို ပြောပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ထွက်ခွာသွားတာဟာ မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ်ကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ကိုဗစ်ကာလမှာတောင် အလုပ်လက်မဲ့နှုန်း ၁ ဒသမ ၇၉ ရာခိုင်နှုန်းပဲရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ၃ ရာခိုင်နှုန်းအထိရှိနေတယ်လို့ Trading Economics ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတာဟာ အလုပ်သမားထုအပေါ် ထိခိုက်စေတယ်လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။
“အဲဒီတော့ စာရင်းဇယားအရ ပြောရမယ်ဆိုရင်တော့ ခက်ပါတယ်။ ဘာလို့လဲဆိုတဲ့အခါကျတော့ ဒီ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အဓိက အားနည်းချက်တခုတည်းမှာက စာရင်းဇယား တိတိကျကျ ကောက်ခံလို့မရတဲ့ကိစ္စလည်း ပါတယ်ပေါ့နော်။ ဒါပေမဲ့လည်း ကျနော်တို့ ပျမ်းမျှအားဖြင့် ဆိုလို့ရှိရင်တော့ ဒီ အလုပ်သမားတွေ ကျနော်တို့ အနည်းဆုံး သိန်းဂဏန်း ဝန်းကျင်လောက်ကတော့ ဒါ အလုပ်လက်မဲ့ ဖြစ်သွားတာကို ကျနော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။”
အလုပ်အကိုင် ဆုံးရှုံးရတာအပြင် အလုပ်အကိုင်အခွင့်အလမ်းတွေက နည်းပါးလာတာကြောင့် ပြည်ပထွက်ခွာသူတွေလည်း အလုံးအရင်းနဲ့ များလာပြီး မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ်တွေ အကြီးအကျယ် ထိခိုက်နေတာလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေအပေါ် ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ် က “လူသားအရင်းအမြစ်ကဏ္ဍကတော့ ဒီစစ်အုပ်စုကြောင့် အကြီးအကျယ် ပျက်စီးသွားပါပြီ။ FDI တွေ ထွက်သွားလို့ အလုပ်အကိုင်တွေ ဆုံးရှုံးတာတင် မကပါဘူး။ ဒီစစ်အုပ်စုက ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချထားတာလေ။ အဲဒီတော့ လူသားအရင်းအမြစ် တည်ဆောက်မှုက လုံးဝ ရပ်တန့်သွားတာပေါ့။ ဒါကို ဖြေရှင်းဖို့ တခုတည်းသော နည်းလမ်းကတော့ အစိုးရသစ်တရပ် တက်လာဖို့ပါပဲ။ အခြေခံကနေစပြီး အကုန်လုံး ပြောင်းလဲပစ်ရပါမယ်” လို့ ပြောပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်လာစေချင်တယ်ဆိုရင် အလုပ်သမားသမဂ္ဂတွေကို ပြန်ရှင်သန်ခွင့်ပေးဖို့၊ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မဖြစ်မနေ လေးစားလိုက်နာဖို့နဲ့ ILO က ချမှတ်ထားတဲ့ Article 33 ကို ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုတဲ့ သိသာထင်ရှားတဲ့ ရလဒ်တွေကို ဆောင်ရွက်ဖို့လိုပါတယ်လို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်နေသူတွေကလည်း တိုက်တွန်းခဲ့ကြပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့ အချက်အလက်တွေအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်တဲ့ နိုင်ငံခြာရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂၁၇ သန်းကျော် လျော့ကျခဲ့ပါတယ်။










