
ထိုင်းနိုင်ငံရဲ့ ၂၀၂၆ ခုနှစ် ဆုန်ကရန် ရေသဘင်ပွဲတော်ကာလမှာ ဘေးကင်းလုံခြုံရေးအတွက် ပိုတင်းကျပ်တဲ့ စည်းကမ်းချက်နဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေပါဝင်တဲ့ ပြစ်ဒဏ်တွေကို သက်ဆိုင်ရာက ထုတ်ပြန်လိုက်ပါတယ်။
ဒီနှစ်သင်္ကြန်မှာ “အယ်လ်ကိုဟောအရက် ကင်းစင်၊ ဘေးရန်ကင်းစင် ဆုန်ကရန်း” ဆိုတဲ့ စီမံချက်နဲ့ လုံခြုံရေးဆောင်ရွက်သွားမှာဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန် အဓိကအချက် ၈ ချက်ကို ထုတ်ပြန်ထားပါတယ်။
ပထမအချက်ကတော့ အရက်မူးပြီး ယာဉ်မောင်းတဲ့ ပြစ်မှု အဖန်ဖန်ကျူးလွန်က ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်။ သွေးထဲမှာ အယ်လ်ကိုဟောလ် ပါဝင်မှု ရာနှုန်း ၅၀ မီလီဂရမ်ထက် ကျော်လွန်က (အသက် ၂၀ အောက်လူငယ်တွေ ၂၀ မီလီဂရမ်ထက် ကျော်လွန်က) ထောင်ဒဏ် ၁ နှစ်၊ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၅, ၀၀၀ မှ ၂၀,၀၀၀ အထိ၊ အထူးအနေနဲ့ ၂ နှစ်ကာလအတွင်း အထက်ပါပြစ်မှု ထပ်မံကျူးလွန်က ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၀၀,၀၀၀ အထိ တိုးမြှင့်ခံရမယ်လို့ ဆိုပါတယ်။
ဒုတိယတချက်ကတော့ ဖိအားပြင်းတဲ့ ရေပြွတ်တံ အသုံးမပြုရ၊ PVC ပိုက်နဲ့ လုပ်ထားတဲ့ ဖိအားပြင်းရေပြွတ်တံ ဒါမှမဟုတ် တပါးသူရဲ့ မျက်လုံးနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ပြုပြင်ဖန်တီးထားတဲ့ ရေပြွတ်တံ အသုံးပြုက ထောင်ဒဏ် ၂ နှစ်ထိ၊ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၄,၀၀၀ အထိ ကျခံရမှာ ဖြစ်ပါတယ်။
တတိယတချက်ကတော့ တပါးသူအား ပေါင်ဒါသုတ်လိမ်းတာ၊ ဆေးရောင်စုံပက်ဖျန်းတာ၊ ရေမြှုပ်ပါတီ ကျင်းပတာ မပြုရ၊ အထူးသဖြင့် ထိန်းချုပ်ဇုန် ဒါမှမဟုတ် ဘန်ကောက်မြို့ရှိ ခေါက်ဆန်၊ ဆီလုမ်းကဲ့သို့ အထင်ကရ ရေကစားနေရာတွေမှာ ယာဉ်မောင်းတွေ ဘေးကင်းရေး၊ ချော်လဲတာနဲ့ ဓာတ်လိုက်ခြင်းအန္တရာယ်တွေ ကာကွယ်ရေးအတွက် အထက်ပါအပြုအမူတွေ ခွင့်မပြုဘူးလို့ ဆိုပါတယ်။
စတုတ္ထတချက်က လျှပ်ပေါ်လော်လီ ဝတ်စားဆင်ယင်မှု ထိန်းချုပ်တာ။ အများပြည်သူကြားမှာ မသင့်လျော်တဲ့ လိင်ပိုင်းဆိုင်ရာ မြူဆွယ်ရာကျတဲ့၊ လျှပ်ပေါ်လော်လီ ဝတ်စားဆင်ယင်မှု ခွင့်မပြုတာ၊ စည်းကမ်းမလိုက်နာက ငွေဒဏ် ဘတ် ၅,၀၀၀ အထိ ကျခံရမယ်လို့ ဆိုပါတယ်။
ပဥ္စမအချက်က အသက်မပြည့်သော လူငယ်တွေကို ကန့်သတ်ချိန်များအတွင်း အရက်ရောင်းချခွင့် မရှိ။ အသက် ၂၀ နှစ်အောက် လူငယ်တွေကို အရက်သေစာ မရောင်းချရ။ ဝယ်ခွင့်ရှိသူတွေလည်း မနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီတွင်း တကြိမ်၊ ညနေ ၅ နာရီမှ ည ၁၂ နာရီထိ အချိန်မှာသာ ရောင်းချဖို့၊ အမျိုးသားဥယျာဉ်နဲ့ ဌာနဆိုင်ရာနေရာတွေမှာလည်း အရက်သေစာ မရောင်းချရ။
ဆဋ္ဌမအချက်က ကားခေါင်မိုးပေါ်မှာ ရေမကစားရ၊ ဟိုင်းလပ်စ်ကား အနောက်ခန်းမှာ ရေတင်ကစားတာ ခွင့်ပြုပေမဲ့ ကားပေါ်မှ မတော်တဆပြုတ်ကျတာ၊ အခန့်မသင့်က အသက်ဆုံးရှုံးတာတို့မှ ကာကွယ်ဖို့ ကားခေါင်မိုးပေါ် တက်ထိုင်တာ၊ နောက်ခန်း ဘောင်ပေါ် တက်ထိုင်တာ မပြုရ။
သတ္တမအချက်က သတ်မှတ်ထားသော အရှိန်ထက် ယာဉ်အမြန်မောင်းနှင်ခြင်းမပြုရ၊ ယာဉ်မောင်းနှုန်း စောင့်ကြည့်ကင်မရာတွေ ၂၄ နာရီ အလုပ်လုပ်ပါတယ်။ အထူးသဖြင့် အခမဲ့ ဖြတ်သန်းခွင့်ပြုသော M6, M81 လို အမြန်လမ်းသစ်ပေါ်မှာ စောင့်ကြည့်ကင်မရာတွေရှိပြီး သတ်မှတ်နှုန်းထားထက် ပိုမောင်းက ဒဏ်ငွေ ဘတ် ၄,၀၀၀ ထိ ပေးဆောင်ရမဲ့အပြင် ယာဉ်မောင်းလိုင်စင်အမှတ် အဖြတ်ခံရမယ်။
နောက်ဆုံးအချက်ကတော့ ပွဲလမ်းသဘင် ကျင်းပခွင့်နဲ့ အသံချဲ့စက် အသုံးပြုခွင့် တောင်းခံတာ၊ ဆုန်ကရန်း ရေသဘင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲ ကျင်းပလိုသူတွေဟာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ပွဲကျင်းပမဲ့နေရာနဲ့ အသံချဲ့စက်အသုံးပြုခွင့် တောင်းခံရမယ်။ သတ်မှတ်အချိန်ထက် ကျော်လွန်ပြီး ဆူညံအသံနဲ့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေရင် တည်ငြိမ်အေးချမ်းဥပဒေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။
အထက်ပါ စည်းကမ်းချက် ၈ ချက်အား လေးစားလိုက်နာတာဟာ ပြစ်ဒဏ်တွေကို ရှောင်ရှားနိုင်ရုံသာမက နိုင်ငံသားတိုင်း တာဝန်သိမှု၊ တာဝန်ခံမှုရှိကြောင်း ပြသရာရောက်သလို ဆုံးရှုံးမှုကင်းစင်တဲ့ ပျော်ရွှင်ဖွယ် ဆုန်ကရန်းပွဲတော်ကို ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။
Source : Thairath News










