ဥရောပပြိုင်ပွဲသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းခဲ့ကြတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို (၅-၄) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပီအက်စ်ဂျီရဲ့ အိမ်ကွင်း ပါရီမြို့မှာ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲဟာ ဂိုးတွေ အပြန်အလှန် သွင်းယူခဲ့တဲ့အတွက် အမှတ်ရစရာဖြစ်ခဲ့ပြီး ဥရောပပြိုင်ပွဲ ဆီမီးဖိုင်နယ်သမိုင်းမှာ အသင်း ၂ သင်းစလုံးက ၄ ဂိုး ဒါမှမဟုတ် ၄ ဂိုးထက်ပိုပြီး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းအတွက် အော့စ်မန်ဒမ်ဘီလီနဲ့ ခဗီချာ ကာဗာရက်စ်ခီလီယာတို့က ၂ ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။
ဒီပွဲစဉ်ဟာ အသင်း ၂ သင်းရဲ့ အားကောင်းတဲ့ တိုက်စစ်စွမ်းရည်ကို ပြသခဲ့သလို တဖက်မှာ ခံစစ်ပိုင်းက အားနည်းချက်တွေကိုလည်း ဖော်ပြနေပါတယ်။
ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းက ခံစစ်ပိုင်းကို ချီးကျူးခဲ့ပေမဲ့ သူ့ရဲ့အမြင်ကို အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက သဘောမတူခဲ့ပါဘူး။
ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ကိန်းက “၉ ဂိုးအထိ သွင်းယူခဲ့ကြပေမဲ့ ကွင်းထဲမှာ အံ့အားသင့်စရာကောင်းတဲ့ ခံစစ်ကစားပုံတွေ ရှိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီမှတ်ချက်နဲ့ပတ်သက်ပြီး ဝိန်းရွန်နီက “ကျနော် ဟယ်ရီကိန်းကို ချစ်ပါတယ်။ ဒါပေမဲ့ သူ သူ့ရဲ့ နောက်တန်းကစားသမားတွေကို ချီးကျူးလို့မရပါဘူး။ အသင်း ၂ သင်းလုံးရဲ့ ခံစစ်က အရမ်းကို ဆိုးရွားခဲ့ပါတယ်” လို့ တုံ့ပြန်ပြောပါတယ်။
ဘိုင်ယန်အသင်းဟာ ၁၉၉၄-၉၅ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ ဂိုးအထိ ပထမဆုံးအကြိမ် ပြန်လည်ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်း ဂျာမနီနိုင်ငံမှာ ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။











