
မူးမြစ်ရေကြီးတဲ့အတွက် ရွှေဘိုခရိုင်ထဲက မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၂၀၀ နီးပါး ရေမြုပ်သွားပြီး ရွာချင်းဆက်လမ်းတွေနဲ့ စိုက်ပျိုးခြံတွေ ပျက်စီးသွားတဲ့အတွက် အရှုံးပေါ်ပြီး ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းမှာ ဩဂုတ် ၅ ရက်ကစပြီး သဖန်းဆိပ်ဆည်ရေ လွှတ်ချတာနဲ့ ရေပေးဝေရေး မူးဘောင်ကျိုးကျခဲ့တဲ့အတွက် မူးမြစ်ရေအဆမတန်ကြီးခဲ့ပြီး မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၂၀၀ နီးပါး ရေနစ်မြုပ်ကာ ရွာချင်းဆက်လမ်းတွေနဲ့ စိုက်ပျိုးခြံတွေ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ရေကြီးတဲ့အတွက် မူးမြစ်ကမ်းဘေးမှာ စိုက်ထားတဲ့ စပါးနဲ့ မြေပဲလို လယ်ယာသီးနှံတွေအပြင် ငှက်ပျော၊ သင်္ဘော၊ ပဲမြစ်၊ ခရမ်း၊ သခွား စတဲ့ ဥယျာဉ်ခြံတွေပါ ဧကသောင်းနဲ့ချီ ရေနစ်မြုပ်ခဲ့ရပြီး အရှုံးပေါ်ခဲ့ရပါတယ်။
ဒေသခံတွေဟာ ငှက်ပျော တဧကကို သိန်း ၂၀ လောက်အထိ ရင်းထားရပြီး သင်္ဘောနဲ့ ပဲမြစ်တွေဟာလည်း ကုန်ကျစရိတ်များစွာသုံးကာ စိုက်ထားပြီးမှ အခုလို ရေမြုပ်သွားတဲ့အတွက် အကုန်လုံး ဆုံးရှုံးလိုက်ရတယ်လို့ ငှက်ပျော ၅ ဧက ပျက်စီးသွားတဲ့ ဥယျာဉ်သာကျေးရွာမှ ဒေသခံတောင်သူ ဦးခင်မောင်ဆွေက ပြောပါတယ်။
“ရေက ၈ လပိုင်း ၇ ရက်ကတည်းက စဝင်တယ်။ အခုဆို ၁၈ ရက်ရှိပြီ အခုထိ မခန်းသေးတော့ ငှက်ပျောတွေပျက်ပြီ၊ ပဲမြစ်တွေလည်း ပျက်စီးကုန်ပြီ၊ ကုန်ကျငွေကလည်း အရမ်းများတယ်။ ပါးစပ်ပေါက်နားရောက်ခါနီးမှ ရေကြီတဲ့ဒဏ်ကြောင့် အကုန်ဆုံးရှုံးကုန်ပြီ။”
လက်ရှိမှာ ကူညီပေးကြသူတွေကြောင့် စားနပ်ရိက္ခာတွေ ရပေမဲ့ ကိုယ်ထူကိုယ်ထ နည်းနဲ့ပဲ သွားလာ နေရတဲ့ ရွာချင်းဆက်လမ်းတွေနဲ့ ကုန်ထုတ်လမ်းတွေကို အမြန်ဆုံး ပြန်ပြင်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ရေကြီးတာကြောင့် ကျေးရွာချင်းဆက်လမ်းတွေ ပျက်စီးမှုနဲ့ သီးနှံဆုံးရှုံးမှု စာရင်းတွေကိုတော့ စာရင်းကောက်ယူနေတုန်းပဲလို့ ဝက်လက်မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုအလင်းရောင်က ပြောပါတယ်။
ရေကြီးတဲ့အရှိန်ကြောင့် ဝက်လက်မြို့နယ်အနောက်ခြမ်း၊ မူးမြစ်ကမ်းဘေး ရွာတွေမှာ ရေနစ်သေဆုံးသူ ၂ ယောက် ရှိခဲ့ပြီး မြွေကိုက်ခံရသူ ၄ယောက် ရှိခဲ့ကာ နေအိမ် ၁၀ လုံးလောက်လည်း ရေနဲ့မျောပါသွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင်ထဲက ဝက်လက်၊ ဒီပဲယင်း၊ ရွှေဘို၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦး စတဲ့ မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ ရွာ ၂၀၀ နီးပါး ရေဘေးသင့်ခဲ့တာဖြစ်ပြီး ဩဂုတ်လလယ်ကစတင်ကာ မြို့နယ်တွေအလိုက် ရေတဖြည်းဖြည်းပြန်ကျသွားပေမဲ့ ပြန်လည်ထူထောင်ရေးအကူအညီတွေ လိုအပ်နေကြပါတယ်။
လင်းအိမ်











