အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ဂျပ်စတင် ဖဲရ်ဖက်စ်ဟာ သန်းခေါင်ကျော်ချိန်လေးမှာပဲ မြောက်ပိုင်းဗာဂျီးနီးယားနေအိမ်မှာ သူ့ရဲ့ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ပြီးနောက် သူ့ကိုယ်သူလည်း အဆုံးစီရင်သွားတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ဧပြီ ၁၆ ရက်မှာ ထုတ်ပြန် ပြောဆိုပါတယ်။
ဒီလူသတ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတို့ဟာ လင်မယား ၂ ယောက်ရဲ့ လက်ရှိကွာရှင်းမှုနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစဉ်ဆိုင်ရာ အိမ်တွင်းပဋိပက္ခကနေ ဖြစ်ပေါ်လာပုံရတယ်လို့ ဖဲရ်ဖက်စ် ကောင်တီ ရဲချုပ် ကယ်ဗင် ဒေးဗစ်က သတင်းထောက်တွေကို ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ချိန်မှာ သူတို့ရဲ့ ဆယ်ကျော်သက် ကလေး ၂ ယောက်ပါ အိမ်ထဲမှာ ရှိနေခဲ့ပါတယ်။ ဖဲရ်ဖက်စ်ဟာ လာမဲ့ရုံးချိန်းအတွက် တရားရုံး စာရွက်စာတမ်းတွေကို လက်ခံရရှိပြီးနောက်မှာ အခုလို အကြမ်းဖက်မှုတွေ လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ခေါင်းဆောင်တယောက်အဖြစ် ထင်ရှားခဲ့တဲ့ ဖဲရ်ဖက်စ်ဟာ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ရာ့လ်ဖ် နော့သမ် နဲ့အတူ ရွေးကောက်တင်မြှောက်ခံရပြီးနောက် ၂ နှစ်မပြည့်ခင်မှာဘဲ အမျိုးသမီး ၂ ယောက်က ဖဲရ်ဖက်စ်ဟာ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်တွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
ဖဲရ်ဖက်စ်က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အဲဒီတွေ့ဆုံမှုတွေဟာ သဘောတူညီမှုနဲ့ ဖြစ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
ဖဲရ်ဖက်စ်ဟာ ပါတီတွင်း ဖိအားတွေကြောင့် ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခံခဲ့ရပြီး သူ့ဝန်ထမ်း အများအပြားလည်း နုတ်ထွက်သွားခဲ့ပေမဲ့ သူ့ရာထူးသက်တမ်း ကုန်ဆုံးချိန်အထိ ဆက်လုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး နောက်ပိုင်းမှာတော့ လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










