DVB Logo
Home
နိုင်ငံတကာ
ဗာဂျီးနီးယား အဝေးပြေးလမ်း ယာဉ်တိုက်မှုတွင် လူ ၅ ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ 
DVB
·
May 31, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား အဝေးပြေးလမ်းမကြီးပေါ်မှာ မေ ၂၉ ရက်က မော်တော်ကား မတော်တဆ ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၅ ယောက် သေဆုံးကာ အယောက် ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲက  ၃ ယောက် ကတော့ စိုးရိမ်ရတယ်လို့  ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဗာဂျီးနီးယားမြောက်ပိုင်းက အဝေးပြေးလမ်းမကြီးပေါ်မှာ သောကြာနေ့ မနက် အစောပိုင်းက ခရီးသည်တင် တိုးရစ်ဘတ်စ်ကားတစီးဟာ SUV ကားတစီးကို ဝင်တိုက်မိပြီးတော့ ကားတွေ ဆင့်တိုက်ကာ မီးပါလောင်ကုန်တဲ့အထိ ပြင်းထန်တဲ့ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

ဒီမတော်တဆမှုဟာ ဝါရှင်တန်ဒီစီရဲ့ အနောက်တောင်ဘက် ၄၅ မိုင်လောက်အကွာမှာရှိတဲ့ စတက်ဖို့ဒ်ခရိုင်အတွင်းက I-95 လမ်းမကြီးရဲ့ တောင်ဘက် အသွားလမ်းမှာ မနက်အစောပိုင်း ၂ နာရီ ၃၅ မိနစ်လောက်က ဖြစ်ပွားခဲ့တာပါ။

ယာဉ်မောင်းအပါအဝင် ခရီးသည် ၃၄ ယောက် လိုက်ပါလာခဲ့တဲ့ ဘတ်စ်ကားဟာ မြောက်ကာရိုလိုင်းနား အခြေစိုက် E&P Travel ကုမ္ပဏီကဖြစ်ပြီး နယူးယောက်မြို့ကနေ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှာလော့မြို့ကို ဦးတည်မောင်းနှင်လာတာ ဖြစ်ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ ဘတ်စ်ကားမောင်းသူဟာ သူ့ရဲ့ကားက ဒေသတွင်း မြောက်ပိုင်း-တောင်ပိုင်း အဝေးပြေးလမ်းမကြီး အဓိကလမ်းကြောင်းဖြစ်တဲ့ I-95 ပြည်နယ်လမ်းမ ကြီးတလျှောက်ရှိ ဆောက်လုပ်ရေးဇုန်မှာ နှေးကွေးတဲ့ ယာဉ်ကြောနဲ့ နီးကပ်လာတာကြောင့် အမြန်နှုန်းကို မလျှော့ချနိုင်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အရှိန်မထိန်းနိုင်တဲ့ ဘတ်စ်ကားဟာ ရှေ့က ရှဲ့ဗရယ်လေး ဆူဘာဘန်ကားကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိပြီး အဲဒီကားကမှတဆင့် အရှေ့က SUV ကားနဲ့ တခြားကားတွေကို ထပ်ဆင့်တိုက်မိခဲ့ပါတယ်။

ဘတ်စ်ကားကလည်း တခြားကားတွေကို ပွတ်တိုက်မိခဲ့သလို အရှိန်နဲ့အတိုက်ခံလိုက်ရတဲ့ Acura SUV ကားကတော့ မီးလောင်သွားခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ၅ ယောက်စလုံးဟာ မက်ဆာချူးဆက်ပြည်နယ်၊ ဂရင်းဖီးလ်မြို့နဲ့ ဝိုစတာမြို့တို့က ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဘတ်စ်ကားမောင်းသမားအပါအဝင် ဒဏ်ရာရရှိခဲ့သူ ၄၄ ယောက်လောက်ကိုတော့ အနီးနားက ဆေးရုံတွေကို ပို့ဆောင်ကုသပေးထားပြီး ၃ ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ 

လက်ရှိမှာတော့ ဘတ်စ်ကားမောင်းသူကို အမှုဖွင့် အရေးယူဖို့ ပြင်ဆင်နေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မက်သရူးဒမ်လိန်းက ပြောပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013