စစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ပူတင်နဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ အဆိုပြုထားတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို ယူကရိန်းသမ္မတ ဇလန်းစကီးက ဇွန် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
၄ နှစ်ကျော် ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဇလန်းစကီးက ရည်ရွယ်ထားပြီး ဒီလိုမှမဟုတ်ရင် ယူကရိန်းက တိုက်ဖို့ အသင့်ရှိတယ်လို့လည်း သတိပေးထားကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ယူကရိန်းသမ္မတရုံးက အဲဒီအိတ်ဖွင့်ပေးစာကို အမေရိကန် အပါအဝင် တခြားနိုင်ငံတွေကိုလည်း ပေးပို့ထားတယ်လို့ ဆိုပါတယ်။
စာထဲမှာ ရုရှားနိုင်ငံသားတွေဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေ တိုက်ခိုက်တာ၊ ကုန်ဈေးနှုန်းတက်တာ၊ လောင်စာပြတ်တောက်တာတွေကြောင့် စစ်ကို ငြီးငွေ့လာပြီး ငြိမ်းချမ်းရေးယူဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ ဇလန်းစကီးရဲ့ ပြောဆိုချက်လည်း ပါဝင်ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်က အီရန်စစ်ပွဲအရေးကို အာရုံစိုက်နေတာကြောင့် ဥရောပကို အာရုံစိုက်မှု ပြန်ရတဲ့အချိန်အထိ စောင့်ဆိုင်းတာက မှားတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းကလည်း ရှေ့တန်းကနေ စတင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ခေါင်းဆောင်တွေ ဆွေးနွေးမှုလုပ်ချိန်မှာ အပစ်အခတ် ရပ်စဲထားရမှာဖြစ်ပြီး ဒါက စံထားရမဲ့ အလေ့အကျင့်လို့လည်း ပြောပါတယ်။
ဇလန်းစကီးက “စစ်ပွဲကနေထွက်ခွာမဲ့ လမ်းကြောင်းကို ရွေးဖို့ မကြောက်ပါနဲ့။ ဒါက ခင်ဗျားတို့ အဓိကလိုအပ်တဲ့ အရာလည်း ဖြစ်ပါတယ်။ ရုရှားနဲ့ ယူကရိန်း တိုက်ရိုက်ဆွေးနွေးဖို့ ယူကရိန်းက အဆိုပြုပါတယ်။ တကယ်လို့ ခင်ဗျားက စစ်ပွဲအဆုံးသတ်ဖို့ မပြုလုပ်ဘူးဆိုရင် ယူကရိန်းက စစ်ပွဲဆက်ရှိနေသရွေ့ ဆက်တိုက်နေမယ်” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခေါင်းဆောင် ၂ ယောက် တွေ့ဆုံတာ ကောင်းလိမ့်မယ်လို့ မှတ်ချက်ပေးထားပါတယ်။
ပူတင်ကတော့ ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲဖို့ မလိုအပ်ဘူးလို့ ပြောထားပါတယ်။
ဒါပေမဲ့ ဇလန်းစကီးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်မဲ့ကိစ္စကို ပူတင်က ပယ်ချထားတာမျိုး မရှိဘူးလို့လည်း ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters










