DVB Logo
Home
နိုင်ငံတကာ
ကွယ်လွန်သွားသည့် ထိုင်းလယ်သမားအဘိုးအို ဘတ် ၁ ဒသမ ၈ သန်းကျော် ဝှက်ထားခဲ့ 
DVB
·
June 18, 2026
Photo: CH7 HD News
Photo: CH7 HD News
Donate to DVB

ထိုင်းနိုင်ငံမှာ ဆင်းရဲသားတယောက်လို နေထိုင်ခဲ့တဲ့ လယ်သမားအဘိုးအိုတယောက် ကွယ်လွန်သွားပြီးနောက် သူဝှက်ထားခဲ့တဲ့ ဘတ်ငွေ ၁ ဒသမ ၈ သန်းကျော် (၁၈ သိန်းကျော်) နဲ့ ရွှေဆွဲကြိုးတကုံးကို သူ့ရဲ့မိသားစုက တွေ့ ရှိခဲ့ပါတယ်။

ထိုင်းအရှေ့မြောက်ပိုင်း ဥဒွန်းဌာနီခရိုင်၊ ဥဒွန်းဌာနီမြို့နယ် ဘန့်ကျန်အုပ်စု နောင်တုမ်ရွာက အသက် ၇၈ နှစ်အရွယ်ရှိ လယ်သမားကြီး နိုင်းအင်းဆိုင်ဒုန်းဟာ ဇွန် ၁၃ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့တာပါ။

သူတို့မိသားစုဟာ တောင်သူလယ်သမားတွေသာဖြစ်လို့ စုငွေဆောင်းငွေမရှိဘဲ ခင်ပွန်းဖြစ်သူ ရုတ်တရက် ဆုံးပါးသွားတာကြောင့် ဇနီးဖြစ်သူ အသက် ၇၄ နှစ်အရွယ် နန်းဒဲန်ဆိုင်ဒုန်းမှာ အသုဘစရိတ်အတွက် ငွေအကျပ်အတည်း ဖြစ်နေခဲ့ပါတယ်။

သားဖြစ်သူက ဖခင်ဖြစ်သူရဲ့  လုပ်ငန်းသုံးကိရိယာတွေ စစ်ဆေးကြည့်ရှုစဉ် လက်သမားသုံး ပစ္စည်းတွေ ထည့်ထားတဲ့ သံသေတ္တာထဲကနေ သန်းနဲ့ချီတဲ့ ထိုင်းငွေစက္ကူ အမြောက်အမြားကို တွေ့ရှိခဲ့လို့ အားလုံး အံ့ဩဝမ်းသာ ဖြစ်ကုန်ကြပါတယ်။

အဆိုပါငွေစက္ကူတွေမှာ ဘတ် ၁,၀၀၀ တန်၊ ၅၀၀ တန်၊ ၂၀ တန် သတ်သတ်စီ စည်းနှောင်ထားပြီး ရေတွက်ကြည့်ရာမှာ စုစုပေါင်း ဘတ်ငွေ ၁,၈၄၀,၀၀၀ နဲ့ ၁ ဘတ်သား အလေးချိန်ရှိ ရွှေဆွဲကြိုးတကုံးပါ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဇနီးဖြစ်သူ နန်းဒဲန်က သူနဲ့ နိုင်းအင်းတို့ ပေါင်းသင်းနေထိုင်လာတာ နှစ်ပေါင်း ၆၀ ကျော်ပြီး သားသမီး ၃ ယောက်ရှိတယ်၊ ခင်ပွန်းဖြစ်သူ နိုင်းအင်းက အလုပ်ကြိုးစားပြီး သူတပါးကို ကူညီတတ်တယ်၊ ဒါပေမဲ့ ငွေရေးကြေးရေးမှာ အလွန်ခြိုးခြံတယ်၊ တခုခုဝယ်ဖို့ ပိုက်ဆံတောင်းရင် မရှိဘူးလို့ပဲ ပြောလေ့ရှိတယ်၊ သူ့မှာ နွားရောင်းရငွေ၊ မိဘဘက်က အမွေရတယ် ဆိုတာ သိပေမဲ့ မစွက်ဖက်မိ မမေးမိခဲ့ဘူး၊ လယ်ယာလုပ်ငန်းနဲ့ သားသမီးတွေကို လူလားမြောက်အောင် ကျွေးမွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင် ရှေ့ကတော့ ထူးထူးခြားခြား ရွှေဝတ်ချင်လားလို့ သူ့ကို မေးသေးတယ်၊ ပြီးတော့ ဘတ်ငွေ ၁၀,၀၀၀ ပေးတယ်၊ နောက်ရက်တွေမှာ အပူရှပ်ပြီး မူးလဲရာက နေမကောင်းဖြစ်ပြီး ဆုံးသွားတာလို့ ဆိုပါတယ်။

ဇနီးနဲ့ သားသမီးတွေက အဆိုပါငွေနဲ့ နိုင်းအင်းရဲ့ အသုဘမှာ သုံးစွဲဖို့ အသုဘခေါင်းတလားရှေ့မှာ အမွှေးတိုင်တွေ ထွန်းညှိပြီး ခွင့်တောင်းခဲ့ကြပါတယ်။ အဲဒီနောက် နိုင်းအင်းကို ဇွန် ၁၇ ရက်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: CH7 HD News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013