
မန္တလေး၊ အိုးဘိုထောင်မှာ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပါဆယ်ပစ္စည်းတွေကို လုယူဖျက်ဆီးခဲ့ပြီး အဲဒါကို ထောက်ပြပြောဆိုတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို တိုက်ပိတ်ခဲ့တယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေး ကော်မတီ- မန္တလေး (AFCC-MDY) က ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က ထောင်ဝန်ထမ်းတွေဟာ အိပ်ဆောင်တွေထဲဝင်ရောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ ပါဆယ်ပစ္စည်းတွေကို အတင်းအဓမ္မယူဆောင်သွားတာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကို နိုင်ငံရေးအကျဉ်းသားတွေက ထောက်ပြပြောဆိုတဲ့အခါ အဲဒီလိုပြောဆိုသူတွေကို စစ်ကြောရေးမှာ စစ်မေးခဲ့တဲ့ပုံစံအတိုင်း ထောင်ဝန်ထမ်းတွေက အပြင်းအထန် ရိုက်နှက်၊ လက်သီးနဲ့ ထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလို ဖိနှိပ်အကြမ်းဖက်တာကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၃ ယောက်ကို တိုက် ၅ လပိတ်ခဲ့ပြီး တခြားသူတွေကိုတော့ အခန်းပြောင်း စောင့်ကြည့် အနေအထားနဲ့ ထားထားတယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။
အခန်းပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အရာရှိတွေက ဆူပူမှုထပ်မလုပ်ဖို့ ခေါ်ယူစည်းရုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေက အဲဒီလိုလုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ပြန်ပြောတာကြောင့် ထောင်ဝန်ထမ်းတွေက ထပ်ပြီး ရိုက်နှက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီဖြစ်စဉ်မှာ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
AFCC ရဲ့ အတွင်းရေးမှူးတယောက်က “အခုဖြစ်စဉ်က နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပစ်မှတ်ထားတဲ့ ထောင်တွင်းအကြမ်းဖက်မှုများဖြစ်တယ်။ အာဏာရှင်လက်ကိုင်တုတ် ထောင်အာဏာပိုင်တွေက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလည်း ဖြစ်တယ်။ ဒီအတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဝိုင်းဝန်းအသံထုတ်ကြဖို့၊ အထဲက နိုင်ငံရေးအကျဉ်းသားတွေအတွက် ဝန်းရံပေးကြဖို့လိုတယ်” လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပါဆယ်ပစ္စည်းတွေကိုပဲ အတင်းအဓမ္မရှာဖွေသိမ်းဆည်းတာ၊ ရိုက်နှက်အကြမ်းဖက်တာတွေလုပ်ခဲ့တာလို့လည်း AFCC က ထုတ်ပြန်ထားပါတယ်။










