
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ မန္တလေးဆေးတက္ကသိုလ်၊ ရောဂါဗေဒဌာနမှ CDM ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရချိန် ဆေးဝါးကုသခွင့်မရဘဲ စက်တင်ဘာ ၂၈ ရက်က ကွယ်လွန်ခဲ့တယ်လို့ CDM အင်အားစုတွေက ထုတ်ပြန်ပါတယ်။
ဒေါ်ခင်သီတာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကာ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီတာနဲ့ နွေဦးတော်လှန်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရပြီးနောက် ထောင်တွင်း ကျန်းမာရေးချို့တဲ့လာခဲ့တာလို့ ဆိုပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲ ချိုးဖောက်ခြင်းဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ တော်လှန်ရေး အဖွဲ့အစည်းတွေက ရှုတ်ချပါတယ်။
ဒေါ်ခင်သီတာ ကျဆုံးခဲ့ရမှုအတွက် ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး အခုဆုံးရှုံးမှုကို နွေဦးတော်လှန်ရေးရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ဆက်လက်တိုက်ပွဲဝင်မယ်လို့လည်း ထုတ်ပြန်ပါတယ်။










