DVB Logo
Home
မြန်မာသတင်း
အိုးဘိုထောင်တွင် ၆ လအတွင်း နိုင်ငံရေးအကျဉ်းသား ၅၆ ဦးအထိ သေဆုံး
DVB
·
June 30, 2025
အိုးဘိုထောင်တွင် ၆ လအတွင်း နိုင်ငံရေးအကျဉ်းသား ၅၆ ဦးအထိ သေဆုံး
Donate to DVB

မန္တလေး၊ အိုးဘိုထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရတာ၊ ပြင်ပဆေးရုံတွေကို ဆေးကုသခွင့် မရရှိမှုတွေကြောင့် အခုနှစ် ၆ လတာအတွင်းမှာ နိုင်ငံရေးအကျဥ်းသား ၅၆ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ မြန်မာ့အကျဥ်းထောင်သက်သေ (Myanmar Prison Witness) က ဇွန် ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အိုးဘိုထောင်မှာ တာဝန်ရှိတဲ့ ထောင်အာဏာပိုင်တွေနဲ့ ထောင်တွင်းဆရာဝန်တွေရဲ့ ပေါ့လျော့မှုတွေ၊ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု ညံ့ဖျင်းတာ၊ ဆရာဝန်တွေ အချိန်မီ မရောက်တာ၊ ထောင်ပြင်ပ ဆေးရုံတွေကို အချိန်နဲ့တပြေးညီ မပို့ဆောင်တာ၊ ပြင်ပမိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေကို ကန့်သတ်ပိတ်ပင်တာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် အခုလို နိုင်ကျဉ်းတွေ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ဒါကြောင့် အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာ မသေသင့်ဘဲ သေဆုံးနေရတာဖြစ်ပြီး နိုင်ကျဉ်းအများဆုံး သေဆုံးမှုဖြစ်နေတဲ့ထောင် ဖြစ်နေတာလို့ မြန်မာ့အကျဥ်းထောင်သက်သေ (MPW) ရဲ့ ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က ပြောပါတယ်။

“အကျဉ်းထောင်တွေထဲမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတဦးချင်းစီတိုင်းဟာ အသက်ရှင်သန်ပိုင်ခွင့်ကို သေချာပေါက် ရရှိရမှာဖြစ်တယ်။ အသက်ရှင်သန်ပိုင်ခွင့် ရရှိဖို့အတွက်ဆိုရင် အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေက အရေးပေါ် ဖျားနာရင် သောက်ဖို့ ဆေးဝါးကုသဖို့ ဆေးဝါးအစုံအလင် ရရှိရမယ့် အခြေအနေတခုမှာ အကျဉ်းသားတွေက ဆေးဝါးလုံလောက်စွာ မရရှိလို့ အခုလို ကုသမပေးနိုင်ကြလို့ ဆရာဝန်အင်အား နည်းတာတွေကို အကြောင်းပြပြီးတော့ ပြင်ပဆေးရုံထုတ်ဖို့ကို ကြန့်ကြာတာမျိုးတွေက တဖက်လှည့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သေဆုံးအောင်၊ ရောဂါတွေ မဖြစ်ဖြစ်အောင် သတ်ဖြတ်နေတဲ့ ကိစ္စတခုလို့ မြင်ပါတယ်။”

ဇွန် ၂၇ ရက်ကလည်း အိုးဘိုထောင်တွင်း အကျဉ်းကျနေတဲ့ အသက် ၆၉ နှစ်အရွယ် မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ နိုင်ငံရေးအကျဉ်းသား ဦးအောင်ကျော်ဦးဟာ ရုတ်တရက် နှလုံးအမောဖောက်ပြီး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

အလားတူ မေ ၇ ရက်ကလည်း နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဟာ တီဘီရောဂါ ခံစားနေရလို့ ပြင်ပဆေးရုံမှာ ဆေးဝါးကုသခွင့် တောင်းခံခဲ့ပေမဲ့ အချိန်မီ ဆေးဝါးကုသခွင့် မပေးတာကြောင့် သေဆုံးသွားခဲ့ရပါတယ်။

အခုလို နိုင်ငံ‌ရေးအကျဉ်းသားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ဆရာဝန် ဆေးရုံအုပ် ဦးမိုးဟိန်း၊ ‌ဒေါက်တာသက်ထွန်းဦး၊ ဒေါက်တာနေလင်းအောင်နဲ့ ထောင်အာဏာပိုင်တွေဖြစ်တဲ့ သိန်းဇော်မောင်နဲ့ စန်းလွင်တို့က နိုင်ကျဉ်းတွေရဲ့ သေဆုံးမှုဖြစ်စဥ် တခုချင်းစီမှာ အဓိက တာဝန်ယူရမယ့်သူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

အိုးဘိုထောင် အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးဝါးစောင့်ရှောက်ခွင့် လုံလုံလောက်လောက် မပေးတာ၊ ဆေးဝါးပို့ဖို့ ကန့်သတ်ချက်တွေ ပြင်းပြင်းထန်ထန် ချထားတာ အခုမှ မဟုတ်ပါဘူး။

တကျော့ပြန် စစ်အာဏာသိမ်းပြီးကတည်းက အာဏာပိုင်တွေဟာ အကျဉ်းသားတွေအပေါ် ကျန်းမာရေးစောင့်ရှောက်ခွင့် အဖြစ်သဘောပဲ ပေးနေတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

၂၀၂၁ ခုက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး အိုးဘိုထောင်မှာ ၃ နှစ်လောက် အကျဉ်းချခံခဲ့ရကာ အာဏာပိုင်တွေရဲ့ နှိပ်စက်တာ အပါအဝင် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့အတွက် အာရုံကြောရောဂါ အပြင်းအထန်ရခဲ့သူ  နိုင်ငံရေး အကျဉ်းသူဟောင်း အသက် ၂၀ ဝန်းကျင် မဝါ (နာမည်လွှဲ) က ထောင်တွင်းအတွေ့အကြုံကို အခုလိုပြောပါတယ်။

“ဆေးဝါးစောင့်ရှောက်မှု မရတဲ့အပြင်ကို လူသတ်နေသလိုပဲပေါ့နော်။ ဘာလို့လဲဆိုတော့ နှလုံး heart break ၂၂၀ အထိ မြန်နေတဲ့လူနာကို ဒိုင်ကလို လာပေးပါတယ်။ ဒိုင်ကလို ဆိုတာက လေးဖက်နာဆေး၊ အကိုက်အခဲပျောက်ဆေးလို့ပဲ လူတိုင်းသိထားကြတာပါ။ ဒါပေမဲ့ နှလုံး heart break ဖြစ်နေတဲ့ လူနာကို နှလုံးဆင့်သောက်ခိုင်းတယ်၊ ပြီးတော့ အိုးဘိုထောင်ထဲမှာက ဘာပဲဖြစ်နေဖြစ်နေ ပါရာစီတမောနဲ့ ဒိုင်ကလိုကလွဲလို့ ဘာဆေးမှမရဘူး။”

ဒါ့အပြင် မတ် ၂၈ ရက်က လှုပ်ခတ်သွားတဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် အကျဉ်းထောင်တွေ ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့ပြီး အဲဒီထဲက မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်ဟာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပါတယ်။

အိုးဘိုထောင်ထဲမှာ ကျန်နေသေးတဲ့ အကျဉ်းသားတွေကို အကူအညီပေးနေတဲ့ မဝါက စစ်ကိုင်းငလျင်ကြီးကြောင့် အကျဉ်းသား ရာနဲ့ချီ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိနေပေမဲ့လည်း ဆေးဝါးစောင့်ရှောက်မှု မပေးလို့ မသေသင့်ဘဲ သေဆုံးရသူတွေလည်း ရှိနေသလို မလိုလားအပ်ဘဲ ‌ကိုယ်လက်အင်္ဂါ ဖြတ်တောက်ရမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသူဟောင်း မဝါ (နာမည်လွှဲ) က “ဆေးဝါးကုသမှု အလုံအလောက်မပေးနိုင်တဲ့ အပြင်ကို ဆေးရုံကိုထွက်ပြီး ဆေးဝါးကုသခွင့် တောင်းခံတဲ့ အချိန်မှာလည်း မန္တလေးဆေးရုံကြီးမှာ မီဒီယာတွေရှိတယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရှိတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ထဲက လူတွေကို ဆေးဝါးကုသခွင့် အပြင်ဘက်ကို ထွက်ခွင့်မပေးဘူး။ မပေးတဲ့အတွက် ဗိုက်ကြီးသည်တွေ ကလေးဆုံးရှုံးရတယ်၊ မိခင်အသက်ပါ ဆုံးရှုံးတယ်။ ငလျင်ကြောင့် လန့်ပြီးတော့ ဗိုက်ထဲက ကလေးက သေသွားတယ်၊ နောက်ပိုင်း မရတဲ့အဆုံး သားအိမ်ခြစ်ထုတ်လိုက်ရတယ်၊ မိခင်ပါ သေဆုံးသွားတယ်။ အဲဒါတွေက အချိန်မီ အပြင်ဆေးရုံကို ပေးထွက်ခဲ့ရင် ခုလိုဖြစ်မှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အတူ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ သေဆုံးမှုတွေက တစတစ များပြားလာနေတာကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့‌ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

အခုလို ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးတဲ့ ဖြစ်ရပ်တွေနဲ့အတူ လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ သေဆုံးရတဲ့ အခြေအနေတွေဟာ စစ်အာဏာသိမ်းကာလတလျှောက် မရပ်သွားဘဲ ဆက်ဖြစ်နေဆဲပါ။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇွန် ၂၇ ရက်အထိ နိုင်ငံတဝန်းမှာ စစ်တပ်က ဖမ်းဆီးပြီးနောက် သေဆုံးသူ အမျိုးသမီး ၁၇ ယောက်နဲ့ အမျိုးသား ၈၈ ယောက် စုစုပေါင်း ၁၀၅ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၅ ယောက် ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013