
ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၀၀ ကျော်အထိ ထိုးဆင်းသွားတာကြောင့် ပြည်တွင်းဈေးလည်း တရက်အတွင်း ကျပ် ၃ သိန်းကျော် လိုက်ပါလျော့ကျသွားတယ်လို့ ပြည်တွင်း ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ပြည်တွင်းရွှေဈေးဟာ မတ် ၁၈ ရက်က ၁၀,၈၅၀,၀၀၀ ကျပ် ရှိခဲ့ရာက မတ် ၁၉ ရက် မွန်းလွဲပိုင်းမှာ ကျပ် ၁၀,၅၂၀,၀၀၀ အထိ ထိုးကျဆင်းခဲ့ပါတယ်။
ကမ္ဘာ့ဈေးကွက်မှာလည်း မတ် ၁၇ ရက်အထိ တအောင်စကို ၅,၀၀၀ အထက်မှာ ရှိခဲ့ရာက လက်ရှိမှာ ဒေါ်လာ ၄,၇၀၀ အောက်ထိ သိသိသာသာ ကျဆင်းနေတာပါ။
အခုလို ကမ္ဘာ့ရွှေဈေး အရှိန်အဟုန်နဲ့ ပြန်ကျဆင်းနေပေမယ့် ပြည်တွင်းဒေါ်လာငွေလဲနှုန်း ဆက်လက် မြင့်တက်နေပါက ပြည်တွင်းရွှေဈေးက ကမ္ဘာ့ဈေးကျသလာက် လိုက်မကျနိုင်ဘူးလို့ ထောက်ပြသုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒေါ်လာလဲလှယ်နှုန်းဟာ အရင်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ကျပ် ၄,၀၀၀ ဝန်းကျင်မှာသာ ရှိခဲ့ပေမဲ့ လက်ရှိမှာ ကျပ် ၄,၂၀၀ အထက်ကို မြင့်တက်လာနေတာကို တွေ့ရပါတယ်။
ပြည်တွင်းရွှေစျေးကွက်ကတော့ စစ်ကောင်စီရဲ့ ဈေးကွက်နဲ့ ဈေးနှုန်းထိန်းချုပ်မှုတွေနဲ့ အရေးယူဆောင်ရွက်မှုတွေကြောင့် အရောင်းအဝယ်တွေ သိသိသာသာ ငြိမ်သက်နေပါတယ်။
စစ်ကောင်စီဟာ စျေးကစားမှုတွေကို တားဆီးဖို့ဆိုပြီး ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတွေကို ငွေဒဏ်အပြင် ထောင်ဒဏ် ၃ နှစ်စီ ချမှတ် အရေးယူခဲ့ပါတယ်။
အဲဒီ အသင်းတာဝန်ရှိသူတွေကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ပြီး ရွှေတုံး၊ ရွှေခဲတွေ သိုလှောင်ရောင်းဝယ်မှုနဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းက ဖမ်းဆီးခဲ့တာ ဖြစ်ပြီး မနေ့က အမိန့်ချမှတ်လိုက်တာပါ။
ဒါပေမဲ့ ရွှေဈေးကွက်ရဲ့ အဓိကအခြေခံဟာ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ဒေါ်လာလဲလှယ်နှုန်းတို့ ဖြစ်တဲ့အတွက် အခုလို ဈေးကွက်ထိန်းချုပ်အရေးယူမှုတွေနဲ့သာ ဈေးကွက်ကို ရေရှည်တည်ငြိမ်အောင် ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။








