DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယား ဒေသန္တရရွေးကောက်ပွဲ၌ မဲစာရွက်တွေ ပြတ်လပ်မှုကြောင့် ဆန္ဒပြ
DVB
·
June 4, 2026
Photo:  REUTERS/Kim Hong-Ji
Photo: REUTERS/Kim Hong-Ji
Donate to DVB

တောင်ကိုရီးယားနိုင်ငံ ဒေသန္တရရွေးကောက်ပွဲမှာ မဲစာရွက်တွေ မလုံမလောက် ဖြစ်ခဲ့တာကြောင့် ပြည်သူတွေ ဒေါသထွက်ခဲ့ကြပြီး ဆိုးလ်မြို့က မဲရုံတခုမှာ ဆန္ဒပြသူတွေက မဲပုံးတွေ သယ်ထုတ်မသွားနိုင်အောင် တားဆီးပိတ်ဆို့တဲ့အထိ ဖြစ်ပွားခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်က ဇွန် ၄ ရက်မှာ ပြောပါတယ်။ 

အစဉ်အလာအရ ကွန်ဆာဗေးတစ်တွေ အားကောင်းတဲ့ ဆိုးလ်မြို့ ဆုန်းဖာနယ်မြေက မဲရုံတခုမှာတော့ ဒေသခံတွေ မဲမပေးခဲ့ရတာနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ရာကနေ ဗုဒ္ဓဟူးနေ့ ညပိုင်းကစလို့ လူအုပ်ကြီး စုဝေးခဲ့ကြပါတယ်။

ဒီမနက်ပိုင်းမှာတော့ လက်ယာစွန်းထောက်ခံသူတွေလို့ ကိုယ့်ကိုယ်ကိုယ် ပြောဆိုတဲ့ ဆန္ဒပြသူတွေဟာ “မတရားတဲ့ ရွေးကောက်ပွဲ" လို့ ရေးထားတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ရွေးကောက်ပွဲအရာရှိတယောက်ကို မဲရုံကနေ ထွက်ခွာမသွားနိုင်အောင် တားဆီးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဆုန်းဖာ နယ်မြေဟာ အတိုက်အခံတွေ အားကောင်းတဲ့နေရာ ဖြစ်ပြီး အဲဒီနေရာမှာ မဲစာရွက် ပြတ်လပ်တယ် ဆိုတာဟာ အစိုးရက တမင်သက်သက် မဲမပေးနိုင်အောင် ဉာဏ်ဆင်တာလား" ဆိုပြီး လက်ယာစွန်း ထောက်ခံသူတွေက ပိုပြီး ကောက်ချက်ချ ဒေါသထွက်ကုန်ကြတာ ဖြစ်ပါတယ်။ 

မဲလာပေးသူဦးရေဟာ မျှော်လင့်ထားတာထက် ပိုများနေတာကြောင့် မဲရုံပေါင်း ၁ ဒါဇင်ကျော်မှာ မဲစာရွက်တွေ ပြတ်လပ်သွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

မဲစာရွက် မလောက်ငမှုကြောင့် တချို့မဲဆန္ဒရှင်တွေ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသလို၊ မဲမပေးဘဲ ပြန်သွားခဲ့ရသူတွေလည်း ရှိခဲ့တာကြောင့် ပြဿနာဖြစ်တဲ့ မဲရုံတွေမှာ မဲပေးချိန်ကို တိုးမြှင့်ပေးခဲ့ရပါတယ်။

ဇွန် ၃ ရက်က ပြုလုပ်ခဲ့တဲ့ အဓိကမြို့ကြီးနဲ့ ပြည်နယ် ၁၆ ခုက မြို့တော်ဝန်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်တဲ့ ဒီမဲခွဲပွဲဟာ သမ္မတ အီဂျယ်မြောင် အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ပြည်သူတွေရဲ့ အကဲဖြတ်ချက်အဖြစ် ရှုမြင်ကြသလို၊  ၂၀၂၄ ခုနှစ်က သမ္မတဟောင်း ယွန်းဆုခ်ယိုးလ် ရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှု ပျက်ပြားသွားပြီးနောက်ပိုင်း ကွန်ဆာဗေးတစ် အုပ်စုတွေ ပြန်စုစည်းနိုင်မလား ဆိုတာကို စမ်းသပ်တဲ့ပွဲလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013