
အမေရိကန်နဲ့ အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပေမဲ့ ပွဲမပြီးသေးဘဲ အစ္စရေးတပ်တွေကို လက်ဘနွန်မှာ ဆက်ပြီး ထားရှိမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇွန် ၁၅ ရက်မှာ ပြောပါတယ်။
“တိုက်ပွဲကတော့ မပြီးဆုံးသေးပါဘူး” (“The struggle has not ended”) လို့ နေတန်ယာဟု က အစ္စရေးပြည်သူတွေကို ပြောပါတယ်။
အီရန်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ လက်ဘနွန်နိုင်ငံထဲက အစ္စရေးတပ်တွေကို ပြန်ရုပ်သိမ်းဖို့ အစီအစဉ် မရှိဘူးလို့ သူက ဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းမှာ အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟစ်ဇဘိုလာအဖွဲ့နဲ့ တိုက်ပွဲ တွေ ဖြစ်ပွားနေတာပါ။
“ကျနော်တို့နိုင်ငံကို ကာကွယ်ဖို့အတွက် လုံခြုံရေးဇုန်တွေမှာ လိုအပ်သလောက် ဆက်ပြီး ရှိနေမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” လို့လည်း နေတန်ယာဟုက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အလိုကျ အစ္စရေးရဲ့ လုံခြုံရေးအကျိုးစီးပွားကို လိုက်လျော နေရတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့် နေတန်ယာဟုဟာ ပြည်တွင်းမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါနဲ့ပတ်သက်လို့ နေတန်ယာဟုက “သမ္မတ ထရမ့်ပ်နဲ့ ကျနော်ဟာ သိလာတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ကျနော်တို့ အမြင်ချင်းတူတာ ရှိသလို၊ သဘောထား ကွဲလွဲတာလည်း ရှိပါတယ်။ ကျနော်မှာ အစ္စရေးရဲ့ လုံခြုံရေးအတွက် တာဝန်ရှိပြီး ဒါကိုပဲ အခိုင်အမာ လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။
အီရန်နဲ့ ဖြစ်ပွားတဲ့စစ်ပွဲဟာ အစ္စရေးအတွက် အောင်ပွဲဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေးသာ အရေး မယူခဲ့ရင် အီရန်ဟာ နျူကလီးယားဗုံး ပိုင်ဆိုင်သွားလိမ့်မယ်လို့ ပြောပါတယ်။
အခုရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ အမေရိကန်သမ္မတရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
“ဒါဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော်တို့မှာလည်း ကိုယ်ပိုင်အကျိုးစီးပွားတွေ ရှိပါတယ်” လို့ နေတန်ယာဟုက ထပ်လောင်းပြောပါတယ်။
Source: Reuters










