
ထိုင်းနိုင်ငံ မြောက်ပိုင်းမြို့ ချင်းမိုင်မှာ မတ် ၃၁ ရက်က မီးခိုးမြူတွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေလို့ ဒေသခံတွေနဲ့ ခရီးသွားတွေက ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေ တိုးပွားလာနေတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
မီးခိုးမြူတွေကြောင့် ချင်းမိုင်ရဲ့အထင်ကရ ဒွိုင်စူထေ့ပ်တောင်က မြင်ကွင်းကျယ်တွေကို မှုန်ဝါးစေတယ်လို့ အိန္ဒိယခရီးသည် ဆာမီယာ ပတေးလ်က ပြောပါတယ်။
ဒါဟာ ကမ္ဘာလုံးဆိုင်ရာ အခြေအနေတခုပါလို့ ပြောရင်း အိန္ဒိယမြို့တော် ဒေလီမြို့လည်း လေထု ညစ်ညမ်းမှုနဲ့ ရုန်းကန်နေရတယ်လို့ ထောက်ပြခဲ့ပါတယ်။
ဒေသခံ ဝမ်ချိုင်း ထီအန်စီရီက “ညစ်ညမ်းမှုကြောင့် ကလေးအများအပြား အမှန်တကယ် ထိခိုက်နေလို့ အခြေအနေ ပိုကောင်းလာဖို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။
“အစိုးရ ဒါမှမဟုတ် အာဏာပိုင်တွေက ဘယ်လိုအစီအမံတွေ လုပ်ဆောင်မလဲဆိုတာ ကျနော်တို့ မသိသေးပါဘူး” လို့လည်း ဒေသခံ ဝမ်ချိုင်း ထီအန်စီရီက ဆက်ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်ဖြစ်တဲ့ ဆိုင်ဖွန်း ကွန်စီအန်းက “ပြတင်းပေါက်တွေကို ဖွင့်လို့မရဘူး၊ အဲယားကွန်း ဖွင့်ထားရင်တောင် လေထုက လတ်ဆတ်တယ်လို့ မခံစားရသေးဘူး။ ဒီလိုလေမျိုးက တကယ်ကို စိုးရိမ်စရာပါ။ ကျနော် အရမ်းကြောက်တယ်” လို့ ပြောပါတယ်။
ဆွစ်ဇာလန် လေထုအရည်အသွေး စောင့်ကြည့်ရေးဌာန IQAir က မတ် ၃၁ ရက် မနက် ၀၉:၃၀ နာရီမှာ ချင်းမိုင်မြို့ကို “ကျန်းမာရေးနဲ့ မညီညွတ်တဲ့” လေထုအရည်အသွေးညွှန်းကိန်းအမှတ် (AQI) ၁၆၅ နဲ့ ပြသခဲ့ပြီး ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တွေထဲမှာ ပါဝင်နေပါတယ်။
ထိုင်းမြောက်ပိုင်းဒေသမှာ ဆက်ဖြစ်နေတဲ့ တောမီးလောင်ကျွမ်းမှုတွေက မြို့ကို မြူခိုးတွေနဲ့ ဖုံးပစ်နေပြီး စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်နေတယ်လို့ ထိုင်းပြည်သူ့အသံလွှင့်ဌာနက မတ် ၃၀ ရက်မှာ ဖော်ပြပါတယ်။
Source: Reuters










