အင်္ဂလန်ကလပ် အက်စတွန်ဗီလာအသင်းဟာ ဘိုလော့ဂ်နာကို နှစ်ကျော့ပေါင်း (၇-၁) ဂိုး ရလဒ်နဲ့ အပြတ်အသတ် အနိုင်ယူပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒါဟာ နည်းပြ အမ်မရီလက်ထက် ၃ ရာသီအတွင်း ဒုတိယအကြိမ်မြောက် ဥရောပဆီမီးဖိုင်နယ် ရောက်ရှိခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က တန်းဆင်းခဲ့ရတဲ့ ဗီလာအတွက်တော့ ဒါဟာ အံ့အားသင့်စရာ တိုးတက်မှုပါ။
တိုက်စစ်မှူး အိုလီဝက်ကင်းစ်ကလည်း ဗီလာအတွက် သူ့ရဲ့ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။ လက်ရှိမှာ ဗီလာဟာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာလည်း ရပ်တည်နေပြီး လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ အခြေအနေကောင်းနေပါတယ်။
နောက်ထပ်ကွာတားပွဲစဉ်တခုမှာတော့ နော်တင်ဟမ်ဖောရက်စ်ဟာ ပေါ်တိုကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း (၂-၁) ဂိုးနဲ့ အနိုင်ယူပြီး ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ပွဲအစ ၈ မိနစ်မှာတင် ပေါ်တိုနောက်ခံလူ ဘက်နာရက် အနီကတ်ထိခဲ့လို့ ဖောရက်စ်တို့ အသာစီးရခဲ့တာဖြစ်ပြီး ဂစ်ဘ်ဝှိုက်က အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကလပ် အက်စတွန်ဗီလာနဲ့ ထိပ်တိုက်တွေ့ဆုံမှာဖြစ်လို့ ပရီးမီးယားလိဂ်အသင်း အချင်းချင်း ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မှာပါ။
ဒါပေမဲ့ ဖောရက်စ်အတွက် စိုးရိမ်စရာကတော့ အဓိကကစားသမားတွေဖြစ်တဲ့ ခရစ်ဝုဒ်၊ ဟတ်ဆန်အိုဒွိုင်းနဲ့ မူရီလိုတို့ ဒဏ်ရာရသွားတာဖြစ်ပြီး ဒါဟာ တန်းဆင်းဇုန်တိုက်ပွဲဝင်နေရတဲ့ အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။










