
အီရန်စစ်ပွဲကြောင့် စွမ်းအင်စျေးနှုန်းတွေ တက်လာသလို ထောက်ပံ့ပို့ဆောင်ရေးတွေပါ အနှောင့်အယှက် ဖြစ်လာတာကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအလားအလာ ခန့်မှန်းချက်ကို လျှော့ချလိုက်တယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဧပြီ ၁၄ ရက်မှာ ကြေညာပါတယ်။
ပဋိပက္ခတွေ ပိုဆိုးလာပြီး ၂၀၂၇ ခုနှစ်အထိ ရေနံတစ်စည် စျေးနှုန်း ဒေါ်လာ ၁၀၀ အထက်မှာ ဆက်ရှိနေမယ်ဆိုရင် ကမ္ဘာ့စီးပွားကျဆင်းမှုကပ် (Global Recession) ဆိုက်ဖို့ သေချာသလောက် ရှိတယ်လို့ IMF က သတိပေးပါတယ်။
အဆိုးရွားဆုံး အခြေအနေမှာဆိုရင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုဟာ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပြီး ငွေကြေးဖောင်းပွမှုဟာ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပင်လယ်ကွေ့မှာဖြစ်နေတဲ့ ပြဿနာဟာ အရင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ချမှတ်ခဲ့တဲ့ အခွန်တိုးကောက်မှုတွေထက် ကမ္ဘာ့စီးပွားရေးကို ပိုပြီးအန္တရာယ်ပေးနိုင်တယ်လို့ IMF စီးပွားရေးပညာရှင်ချုပ် ပီယာရီ-အိုလီဗီယာ ဂေါ်ရင်ချပ်စ်က သုံးသပ်ပါတယ်။
ဒီပဋိပက္ခကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် စီးပွားရေး ပိုထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရတွေအနေနဲ့ ကုန်ဈေးနှုန်း သတ်မှတ်တာ၊ ဆီဈေးလျှော့ချပေးတာ စတဲ့ အစီအမံတွေကို ရေရှည်လုပ်ဆောင်တာမျိုး ရှောင်ကြဉ်ဖို့ကိုလည်း IMF က တိုက်တွန်းထားပါတယ်။
ဂေါ်ရင်ချပ်စ်က “ဒီလိုအစီအမံတွေက လူကြိုက်များပေမဲ့ မကြာခဏဆိုသလို စနစ်တကျမရှိဘဲ ကုန်ကျစရိတ် ကြီးမားတတ်တယ်”လို့ ပြောပါတယ်။
ရေနံဈေးနှုန်းဟာ ဒေါ်လာ ၁၀၀ အထက်ရောက်သွားလိုက်၊ ဆွေးနွေးပွဲသတင်းတွေကြောင့် ပြန်ကျသွားလိုက်နဲ့ မတည်မငြိမ်ဖြစ်နေပါတယ်။
Source: Reuters










