အီတလီနိုင်ငံရှိ စာသင်ကျောင်းတွေမှာ ဘူရ်ခါနဲ့ နီကာဘ်လို မျက်နှာပါဖုံးတဲ့ ခေါင်းမြီးခြုံတွေကို ပိတ်ပင်ဖို့ ပြင်ဆင်နေတယ်လို့ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ပြောပါတယ်။
မယ်လိုနီက “ကျောင်းကို မျက်နှာမဖုံးဘဲ လာရမယ်။ အီတလီမှာ တကယ့်ရိုးရာဓလေ့ဖြစ်စေ၊ ရိုးရာဓလေ့လို့ ယူဆထားတာဖြစ်စေ၊ အဲဒါကို အကြောင်းပြပြီး အမျိုးသမီးငယ်တယောက်ဟာ သူ့ကိုယ်သူ ဖုံးကွယ်ထားရမယ်လို့ ဘယ်သူမှ ဆုံးဖြတ်လို့မရဘူး” လို့ ပြောပါတယ်။
အတန်းတတန်းမှာ နိုင်ငံခြားသားကျောင်းသား ပါဝင်နိုင်တဲ့ အများဆုံးအရေအတွက်ကိုလည်း ကန့်သတ်သွားမယ်လို့ ဆိုပါတယ်။
မယ်လိုနီဟာ စက်တင်ဘာ ၂၀ ရက်က သူ့ရဲ့ အီတလီညီနောင်များပါတီရဲ့ လူငယ်အဖွဲ့ နှစ်ပတ်လည်ပွဲမှာ ဒီအစီအစဉ်ကို ကြေညာခဲ့ပါတယ်။
ဒီအစီအစဉ်ကို မကြာခင် ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ တင်ပြမယ်လို့ ပြောပါတယ်။ ကျောင်းမှာ အသားကျဖို့ အခက်အခဲကြီးမားတဲ့ နိုင်ငံခြားသားကလေးတွေရဲ့ မိဘတွေကိုလည်း အီတလီဘာသာစကား မဖြစ်မနေသင်ယူခိုင်းဖို့ ပါဝင်ပါတယ်။
အီတလီစကား နားမလည်တဲ့ ကလေးတွေ အတန်းထဲမှာ များလာရင် အသားကျအောင် ကူညီရာမရောက်ဘဲ လျစ်လျူရှုရာရောက်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံခြားသားကျောင်းသား ဘယ်နှယောက်အထိ ခွင့်ပြုမလဲဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ISMU သုတေသနအဖွဲ့ရဲ့ အချက်အလက်အရ အီတလီကျောင်းတွေက ကျောင်းသားတွေရဲ့ ၁၁ ဒသမ ၆ ရာခိုင်နှုန်းဟာ အီတလီနိုင်ငံသားမဟုတ်သူတွေ ဖြစ်ပါတယ်။











