
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် နယ်စပ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောနဲ့ ပလက်ဝမြို့နယ်တို့က ပြည်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ လိုအပ်တယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ဧပြီ ၁၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေတာဟာ တပတ်ကျော်ရှိလာပြီဖြစ်ပြီး ကူးစက်ခံသူတွေအထဲ အသက်သေဆုံးမှုတွေ ရှိလာသလို ကူးစက်ပြန့်ပွားနေတုန်း ဖြစ်တာကြောင့် နယ်စပ်မြို့နယ်တွေက ဒေသခံတွေကို အထူးသတိထားကြဖို့ တိုက်တွန်းထားပါတယ်။
ဝက်သက်ရောဂါဟာ လေထဲကတဆင့် ကူးစက်မြန် ရောဂါတမျိုး ဖြစ်တာကြောင့် အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ပြီး ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးတဲ့ ကလေးငယ်တွေဟာ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ပြင်းထန်ပြီး အသက်ပါ သေဆုံးနိုင်တဲ့ရောဂါ ဖြစ်တယ်လို့ ပြောထားပါတယ်။
ဝက်သက်ရောဂါဖြစ်ပွားရင် အဖျားကြီးတာ၊ ချောင်းဆိုး နှာရည်ယိုတာ၊ မျက်စိတွေနီပြီး မျက်ရည်ပူကျတာ၊ ဖျားပြီး ၃၊ ၄ ရက်နေ့တွေမှာ ခန္ဓာကိုယ် အနှံ့အပြားမှာ အနီစက်တွေ၊ အဖုတွေ ထွက်လာတာ၊ ပါးစောင်အတွင်းမှာ အဖြူရောင်အစက်တွေ ထွက်လာတာမျိုး လက္ခဏာတွေ ပြတတ်တယ်လို့ ကျန်းမာရေးဌာနက ပြောထားပါတယ်။
ဝက်သက်ရောဂါကို ကာကွယ်နိုင်ဖို့အတွက် ဝက်သက်ကာကွယ်ဆေး ထိုးနှံတာ၊ ဝက်သက်ရောဂါပိုး ရှိသူတွေ၊ သံသယရှိသူတွေနဲ့ ထိတွေ့ဆက်ဆံခြင်းကို ရှောင်ရှားတာ၊ လူစုလူဝေးဖြစ်စေတဲ့ နေရာတွေကို မသွားတာ၊ အပြင်က ပြန်လာတိုင်းနဲ့ အစာမစားခင် လက်ကို ဆပ်ပြာနဲ့ စနစ်တကျ တိုက်ဆေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
မိဘတွေအနေနဲ့ ကိုယ်ရဲ့ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်မှာ အနီစက်တွေ၊ အဖုအပိမ့်တွေ ထွက်လာတာရှိပြီး ဝက်သက် သံသယလက္ခဏာတွေ တွေ့လာရင် ကိုယ့်သဘောနဲ့ ဆေးကုတာ မလုပ်ဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနတွေကို အမြန်ဆုံး သွားရောက်ပြသကြဖို့ကိုလည်း သတိပေးထားပါတယ်။
ဝက်သက်ရောဂါ ဖြစ်ပွားနေတဲ့ ကလေးတွေကို တခြားကလေးတွေနဲ့ သွားရောက်ကစားတာ၊ စာသင်ကျောင်းတွေကို လွှတ်တာတွေကို လုံးဝမလုပ်ဘဲ သီးသန့်ခွဲထားကြဖို့ကိုလည်း ပြောထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်တွေမှာ ဝက်သက် သံသယလူနာတွေ တွေ့ရှိလာရင် သက်ဆိုင်ရာ နီးစပ်တဲ့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနကို ချက်ချင်း သတင်းပေးပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်လုံးကို ထိန်းချုပ်ထားတာဖြစ်ပြီး ရခိုင်ပြည်နယ်က သူတို့ ထိန်းချုပ်မြို့နယ်တွေမှာလည်း ဝက်သက်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး မြေပြင်မှာ သတိပေးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၁၀၀ ကျော်နဲ့ ကူးစက်ခံရသူ ထောင်နဲ့ချီ ရှိလာပြီလို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းစာတွေက ဖော်ပြကြပါတယ်။










