
အီတလီအစိုးရက အရှေ့အလယ်ပိုင်းဒေသကို ဆက်လက်ပျံသန်းမဲ့ အမေရိကန် စစ်ဘက်လေယာဉ်တွေအတွက် စစ္စလီကျွန်းရှိ ဆီဂိုနဲလာ လေတပ်စခန်းမှာ ဆင်းသက်ခွင့်မပြုဘူးလို့ ငြင်းဆိုခဲ့ကြောင်း ဒီကိစ္စနဲ့ နီးစပ်သူတယောက်က မတ် ၃၁ ရက်မှာ ပြောပါတယ်။
အမေရိကန် ဗုံးကြဲလေယာဉ်တချို့ဟာ အရှေ့အလယ်ပိုင်းကို ဦးတည်မသွားခင် စစ္စလီ အရှေ့ပိုင်းရှိ အခြေစိုက်စခန်းမှာ ဆင်းသက်ဖို့ စီစဉ်ထားတာဖြစ်ပြီး အမေရိကန်ဘက်က ခွင့်ပြုချက် မတောင်းခံခဲ့တာကြောင့် ဆင်းသက်ခွင့် မပေးခဲ့ဘူးလို့ အီတလီသတင်းစာ ကိုရီယဲရဲ ဒယ်လာဆေရာမှာ ဖော်ပြပါတယ်။
အီတလီနိုင်ငံမှာရှိတဲ့ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတွေကို အသုံးပြုရာမှာ လိုက်နာရမဲ့ သဘောတူစာချုပ်တွေထဲကအတိုင်း အီတလီရဲ့ စစ်ဘက်ခေါင်းဆောင်ပိုင်းကို အသိပေး တိုင်ပင်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အီတလီကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ချက်ချင်း တုံ့ပြန်ချက် မပေးခဲ့ပါဘူး။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အီတလီနိုင်ငံအတွင်း အချေအတင် ဆွေးနွေးမှုတွေ ရှိနေပြီး ဗဟိုလက်ဝဲအတိုက်အခံပါတီတွေက စစ်ပွဲထဲမှာ ဝင်မပါမိအောင် နိုင်ငံထဲက အခြေစိုက်စခန်းတွေကို အသုံးပြုခွင့်မပေးဖို့ အစိုးရကို ဖိအားပေး တိုက်တွန်းနေကြပါတယ်။
ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီရဲ့ လက်ယာယိမ်းအစိုးရက ဒီလိုတောင်းဆိုမှုတွေ တကယ်လာရင် လွှတ်တော်ခွင့်ပြုချက်ကို ရယူမယ်လို့ ပြောထားပါတယ်။
ဆီဂိုနဲလာ လေတပ်စခန်းဟာ မြေထဲပင်လယ်ဒေသမှာ အလွန်အရေးပါတဲ့ စစ်ဗျူဟာမြောက် နေရာတခုဖြစ်ပြီး အမေရိကန်ရေတပ်နဲ့ လေတပ်တို့ဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ အဲဒီစခန်းကို အဓိက အချက်အခြာ စခန်းအဖြစ် အသုံးပြုလေ့ရှိပါတယ်။
Source: Reuters










