
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေကို စုစည်းကာ “ထားဝယ်တပ်တော်” (Tavoy Army) ကို ဖွဲ့စည်းပြီး ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ရှေ့ဆက်သွားမယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က မတ် ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနစ်၊ နိုဝင်ဘာလ အစည်းအဝေးမှာ ထားဝယ်တော်လှန်ရေးအဖွဲ့အစည်းတွေ မျက်နှာစုံညီ တွေ့ဆုံခဲ့ပြီး ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ (TNUPC) ကို ဖွဲ့စည်းခဲ့ပါတယ်။
ကော်မတီလုပ်ငန်းတာဝန်တခုဖြစ်တဲ့ “ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးညီလာခံ” ကို ထားဝယ် ဒေသအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ၄ ရက်တာ ကျင်းပပြီး ထားဝယ်အမျိုးသား အဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက “အရင်က ထားဝယ်နိုင်ငံရေးဟာ ကိုယ်ပိုင်လမ်းကြောင်းမရှိဘဲ ရေစုန်မျှော လိုက်နေရတဲ့ ‘ပြဋ္ဌာန်းခံဘဝ’ သာ ရှိခဲ့ပြီး အခုအခါ အစွန်းမရောက်တဲ့ ‘ယဥ်တဲ့ပညာနဲ့ယှဥ်တဲ့ အမျိုးသားနိုင်ငံရေး’ ကို ဖော်ဆောင်ဖို့ ဖွဲ့စည်းခဲ့တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ် (TPLF) နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့ ၄ ဖွဲ့ ပေါင်းစည်းပြီး ထားဝယ်တပ်တော် ကို စတင်ဖွဲ့စည်းထားပါတယ်။
အဆိုပါပေါင်းစည်းမှုဟာ အမိန့်ပေးကွပ်ကဲမှုစနစ် တခုတည်းအောက် စုစည်းဖို့ဖြစ်သလို လူထုကို စိတ်လုံခြုံမှုပေးနိုင်တဲ့ တပ်တော်ဖြစ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ထားဝယ်တပ်တော် တည်ထောင်ရတာနဲ့ ပတ်သက်ပြီး ကိုယောနသံက “ထားဝယ်အမျိုးသား အခြေခံမူနဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ တသွေးတသားတည်း၊ အမိန့်ပေးကွပ်ကဲမှု တခု တည်းအောက်က နေပြီးတော့ စုစုစည်းစည်းနဲ့ တော်လှန်တိုက်ပွဲဝင်သွားဖို့နဲ့ လက်နက်ကိုင်ထားရင် ဘယ်သူ့ကိုမဆို ကြောက်နေရတယ်ဆိုတဲ့ အခြေအနေကနေ လွတ်မြောက်ပြီး ဒီတပ်တော်ကို မြင်တာနဲ့ ငါတို့တပ်ပဲ၊ ငါတို့ကို ကာကွယ်ပေးမဲ့တပ်ပဲဆိုတဲ့ စိတ်လုံခြုံမှုမျိုး ခံစားရတဲ့အထိ တည်ဆောက်သွားဖို့ပါ” လို့ ပြောပါတယ်။
ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးအခြေခံမူ၊ ရည်မှန်းချက်နဲ့ စံတန်ဖိုးတွေကို လက်ခံကျင့်သုံးနိုင်တဲ့ တပ်ဖွဲ့တွေကိုလည်း တံခါးဖွင့် ကြိုဆိုလျက်ရှိပြီး ပိုမိုကျယ်ပြန်တဲ့ စည်းလုံးမှုနဲ့ ပူးပေါင်းမှုရရှိဖို့ ဆက်လက်ဆွေးနွေးသွားမယ်လို့ TNF က ဆိုပါတယ်။











